တရားဝင်လုပ်ကိုင်ခွင့်ပြုထားသည့် လုပ်ငန်းများအား အထောက်အထားမရှိဘဲကန့်ကွက်ပါက အရေးယူသွားမည်
နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ တရားဝင်လုပ်ကိုင်ခွင့်ပြုထားသော လုပ်ငန်းများအား အထောက်အထားမရှိဘဲကန့်ကွက်ပါက ဥပဒေအရအရေးယူသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ အမိန့်ကြော်ငြာစာအမှတ် ၂၁၄/ ၂၀၂၅ ဖြင့် ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်၌ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့၏ အခွင့်အာဏာအရလုပ်ကိုင်ခွင့်ပြုသည့်လုပ်ငန်းများ၊ စာချုပ်စာ တမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သောကိစ္စများအား အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်ခြင်းများဖြစ်ပေါ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။
ထိုသို့ ကန့်ကွက်ခြင်းများသည် လုပ်ငန်းများကို နှောင့်နှေးကြန့်ကြာစေခြင်း၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းကို အဟန့်အတားဖြစ်စေခြင်း၊ မလိုလားအပ်သည့် အဂတိလိုက်စားမှုများဖြစ်ပေါ်စေခြင်းတို့ကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို ထိခိုက်နှောင့်နှေးစေနိုင်သည်ဟုလည်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။
ထို့ကြောင့် ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းတစ်ခုခုမှ အထောက်အထားခိုင်လုံမှုမရှိဘဲ လုပ်ငန်းအနှောင့်အယှက်ဖြစ်စေရန်၊ မတရားအကျိုးအမြတ် တစ်စုံတစ်ရာရယူရန်တို့အတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်းစိစစ်ပေါ်ပေါက်ပါက ကန့်ကွက်သူများကို တည်ဆဲဥပဒေနှင့်အညီအရေးယူသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
လုပ်ငန်းလုပ်ကိုင်နေသူများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းအနေဖြင့်လည်း အထောက်အထားမရှိဘဲ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်မှုများကို ထည့်သွင်းစဉ်းစားသုံးသပ်ရန် မလိုအပ်ဘဲ သက်ဆိုင်ရာလုပ်ငန်းများကို ခွင့်ပြုခြင်း၊ ဆက်လက်ဆောင်ရွက်စေခြင်းတို့ကိုပြုလုပ်ရမည်ဖြစ်ကာ သက်ဆိုင်ရာလုပ်ငန်းများကိုလည်း ဆိုင်းငံ့ထားခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်စေရမည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။