ဖိအားများနှင့် ရင်ဆိုင်နေရတဲ့ ဝုဗ်ဥက္ကဌ ရာထူးမှ နုတ်ထွက်
======================

ဖိအားများနှင့် ရင်ဆိုင်နေရတဲ့ ဝုဗ်ဥက္ကဌဂျက်ဖ်ရှီဟာ ရာထူးမှ နုတ်ထွက်လာပါတယ်။
အသက် ၄၈ နှစ်ရှိ ဂျက်ဖ်ရှီဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် ရမှတ် ၂ မှတ်တည်းသာ ရရှိကာ အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေပြီးနောက် ၁၀ နှစ်နီးပါး တာဝန်ထမ်းဆောင်လာတဲ့ ဝုဗ်ဥက္ကဌရာထူးမှ နုတ်ထွက်လာပါတယ်။
သူဟာ ဝုဗ်ကို ပိုင်ဆိုင်တဲ့ Fosun Sports Group ရဲ့ ဥက္ကဌနှင့် စီအီးအိုအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လာမှာ ဖြစ်ပေမယ့်လည်း ဝုဗ်တွင် တစုံတရာ တာဝန်ထမ်းဆောင်လာတော့မှာ မဟုတ်ပါဘူး။
သူ့နေရာတွင် ဂျက်ဖ်ရှီနှင့် တစုံတရာ ဆက်စပ်မှု မရှိတဲ့ နသန်ရှီက ယာယီဥက္ကဌအဖြစ် ဆောင်ရွက်လာပါမယ်။ နသန်ရှီမှာလည်း ၂၀၁၆ ခုနှစ်ကတည်းက Fosun Sports Group ပိုင်ရှင်များအတွက် အလုပ်လုပ်လာသူ ဖြစ်ပါတယ်။
ရှီဟာ Fosun Sports Group လက်အောက်တွင် ဝုဗ်မှာ တစုံတရာ တိုးတက်ခြင်း မရှိဘဲ တဖြည်းဖြည်းဆုတ်ယုတ်လာမှုကြောင့် ပရိသတ်များရဲ့ အပြင်းအထန် ဝေဖန်မှုများနှင့် ကြုံလာရသူလည်း ဖြစ်ပါတယ်။
ရှီရဲ ဦးဆောင်မှုအောက်တွင် ဝုဗ်ဟာ ၂၀၁၈ ခုနှစ်တုန်းက ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ၂၀၂၀ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်၊ ၂၀၁၉ ခုနှစ် အက်ဖ်အေဖလားဆီမီးဖိုင်နယ်သို့ တက်နိုင်ခဲ့တဲ့အပြင် အဆင့် ၇ နေရာတွင် ၂ ရာသီဆက် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဝုဗ်ပရိသတ်များဟာ ယခုရာသီ ရလဒ်ဆိုးရွားနေမှုနှင့်အတူ ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက ယူနိုက်တက်နှင့် ၄ ဂိုးစီသရေကျတဲ့ပွဲတွင် အဖွင့်ပွဲ ၁၅ မိနစ်အား မကြည့်ဘဲ ဥက္ကဌရှီကို သပိတ်မှောက်ခဲ့ကြပါတယ်။
ဝုဗ်ဟာ ယနေ့ညတွင် အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်အား ဧည့်ခံကစားရပါမယ်။

image