ဖီဖာရဲ့ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခြင်းခံရမှုကြောင့် ထိုးနှက်ချက် ကြုံလာရတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr
======================

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် မဖွင့်မီ ဖီဖာရဲ့ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံလာရမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
ဖီဖာဟာ ကစားသမားသစ်မှတ်ပုံတင်ခွင့် မပေးတဲ့ ကလပ်စာရင်းကို ကြေညာလာရာ ခရစ္စတီယာနိုရော်နယ်ဒို ဦးဆောင်နေတဲ့ Al Nassr လည်း ပါဝင်နေပါတယ်။
Al Nassr ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားခေါ်ယူခွင့်သာ ပိတ်ပင်ခံရတာ မဟုတ်ပါဘူး။ ၎င်းတို့ဟာ ဖီဖာက အရေးယူမှု မဖယ်ရှားသရွှေ့ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံလာရမှာလည်း ဖြစ်ပါတယ်။
Al Nassr နှင့်အတူ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံရတဲ့ ဆော်ဒီကလပ်များအဖြစ် Al Shabab ၊ Damac နှင့် Al Riyadh တို့လည်း ပါဝင်နေပါတယ်။
Al Nassr ဟာ ခရစ္စတီယာနိုရော်နယ်ဒို ရောက်လာပြီး လအနည်းငယ်အကြာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကလည်း အာမက်မူဆာအတွက် အပိုဆုကြေးအား လက်စတာကို ပေးရန် ငြင်းဆိုမှုကြောင့် ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခြင်းခံခဲ့ရဖူးပါတယ်။
Al Nassr ဟာ ၂၀၁၈ ခုနှစ်တုန်းက မူဆာကို ပေါင် ၁၄ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် အမှတ်ပေးဖလား ဆွတ်ခူးခဲ့ပေမယ့်လည်း စာချုပ်ပါအချက်အတိုင်း စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ထပ်မံပေးရမယ့် ပေါင် ၃၉၀၀၀၀ အား လက်စတာအား ပေးရန် ပျက်ကွက်ခဲ့တာပါ။
Al Nassr ဟာ ၂၀၂၁ ခုနှစ်တွင် ဖီဖာရဲ့ ပြင်းထန်စွာ သတိပေးခြင်းခံခဲ့ရပေမယ့် ပေးရန် ဆက်လက် ပျက်ကွက်မှုကြောင့် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံလာရတာပါ။
Al Nassr ဟာ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံရပြီးနောက် စုစုပေါင်း ယူရို ၂ သန်းအထိ ပေးကာ ဖြေရှင်းခဲ့ရပါတယ်။
ယခုတစ်ကြိမ်တွင် Al Nassr ဟာ ဘယ်လိုအကြောင်းကြောင့် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံလာရသလဲဆိုတာ အတိအကျတော့ မသိသေးပါဘူး။
Al Nassr ဟာ ယခုရာသီတွင် ဆော်ဒီပရိုလိဂ်အဖွင့်ပွဲ ၉ ပွဲလုံးအနိုင်ရရှိကာ ၂၇ မှတ်ဖြင့် ဦးဆောင်ထားနိုင်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုရာသီတွင် Al Nassr အတွက် ၁၂ ပွဲကစားထားရာတွင် ၁၁ ဂိုးသွင်းကာ ၂ ကြိမ် ဖန်တီးထားနိုင်ပါတယ်။

image