ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂိုးသွင်းစံချိန်အား ကိုင်လီယန်ဘက်ပေးလိုက်မီလာ
=======================

ကိုင်လီယန်ဘက်ပေးဟာ စနေနေ့ညတုန်းက ဘာနေဗျူးကွင်းတွင် ဆီဗီလာအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပင်နယ်တီမှ တဆင့် ဂိုးသွင်းယူပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ တစ်နှစ်အတွင်း ၅၉ ဂိုးသွင်းယူတဲ့ စံချိန်အား လိုက်မီလာကာ အသက် ၂၇ နှစ်ပြည့် မွေးနေ့အား အလှပဆုံးအောင်ပွဲခံလာပါတယ်။
ဘက်ပေးဟာ ဆီဗီလာနှင့်ပွဲတွင် အခွင့်အရေးများစွာ ဖြုန်းတီးပစ်ခဲ့ပြီးတဲ့နောက် ပွဲပြီးရန် ၄ မိနစ်အလိုတွင် ပင်နယ်တီမှ တဆင့် ရီးရဲလ်မက်ဒရစ်ရဲ့ ဒုတိယအနိုင်ဂိုးအား သွင်းယူလာခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းဂိုးက ကိုင်လီယန်ဘက်ပေးအတွက် ယခု ၂၀၂၅ ခုနှစ်အတွင်း ပြိုင်ပွဲအရပ်ရပ် ၅၉ ဂိုးမြောက်ဂိုးသွင်းယူလာခဲ့တာလည်း ဖြစ်ပါတယ်။ ဘက်ပေးဟာ ၂၀၁၃ ခုနှစ်တုန်းက ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ၅၉ ဂိုးစံချိန်ကို လိုက်မီလာတာလည်း ဖြစ်ပါတယ်။
ဘက်ပေးက "ဒီကနေ့က ကြီးကျယ်တဲ့နေ့တစ်နေ့ပါ။ ဒီစံချိန်ကြောင့်ပါ။ ကျွန်တော့်ပထဆုံးနေ့မှာပဲ ခရစ္စတီယာနိုလုပ်ခဲ့တာကို လုပ်နိုင်ခဲ့တယ်။ ကျွန်တော့်စံပြကစားသမားပါ။ ရီးရဲလ်မက်ဒရစ်ရဲ့ အကောင်းဆုံးကစားသမားစာရင်းဝင်ပါ။ ကမ္ဘာ့ဘောလုံးလောကရဲ့ စံနမူနာပါ။ ကျွန်တော့်အတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
မနေ့ညကပွဲတွင် ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးအား ဂျူ့ဘယ်လင်ဂမ်က ရိုဒရီဂိုရဲ့ ဖရီးကစ်ကနေ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဆီဗီလာဟာ ပွဲချိန် ၂၂ မိနစ်တွင် မာကာအို နှစ်ဝါတစ်နီဖြင့် အထုတ်ခံရပြီးနောက် တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပါတယ်။
ဇာဘီအလွန်ဆိုဟာ ရလဒ်ဆိုးရွားမှုကြောင့် အနာဂတ် မရေမရာ ဖြစ်ခဲ့ပြီးနောက် နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပါတယ်။

image