စက်သုံးဆီအခက်အခဲကိုဖြေရှင်းနိုင်ရန် ပထမဆုံးခြေလှမ်းဖြစ်သည့် သန်လျင်ရေနံချက်စက်ရုံစီမံကိန်း

စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်မှုမရှိခြင်း၍ မြန်မာနိုင်ငံ၌ကြုံတွေ့နေရသည့်အခက်အခဲများကိုဖြေရှင်းနိုင်ရန် ပထမဆုံးခြေလှမ်းဖြစ်သည့် သန်လျင်ရေနံချက်စက်ရုံစီမံကိန်းအားအတွက် စက်ရုံသစ်အား ရန်ကုန်တိုင်း၊ သန်လျင်မြို့ရှိ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)တွင်တည်ဆောက်လျက်ရှိသည်။
ထိုသို့ တည်ဆောက်နေမှုကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်မှ ဒီဇင်ဘာ ၁၉ ရက်ကကြည့်ရှုစစ်ဆေး၍ ရေနံချက်စက်ရုံသစ်အား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးပြီးစီးရေး၊ လုပ်ငန်းတစ်ခုချင်းစီအလိုက် အပိုင်းလိုက်ဆောင်ရွက်ရမည်များအပြင် တစ်ပြိုင်တည်းတည်ဆောက်ရမည့်လုပ်ငန်းကို သေချာစွာပြင်ဆင်တည်ဆောက်ရန် မှာကြားသည်။
ထို့ပြင် ပြည်သူများ စက်သုံးဆီဝယ်ယူသုံးစွဲရာတွင်တွေ့ကြုံနေရသည့်အခက်အခဲများကို အမြန်ဆုံးလျော့ နည်းသက်သာစေရန် Quick Win ဖြစ်စေမည့် Moduler Type စက်ရုံအား ပထမအဆင့်အနေဖြင့်တည်ဆောက်နေခြင်းဖြစ်၍ လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်ကကြပ်မတ်ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ သန်လျင်ရေနံချက်စက်ရုံသစ်စီမံကိန်းလုပ်ငန်းများနှင့် သီလဝါဆိပ်ကမ်းမှ စက်ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများသယ်ယူရောက်ရှိ တပ်ဆင်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။