ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအများအပြားကို ဖော်ထုတ်မြှင့်တင်နိုင်ရန် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် (၂၀၂၅) ကို ကျင်းပ

ကရင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအများအပြားကို ဖော်ထုတ်မြှင့်တင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် (၂၀၂၅) ကို ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပခဲ့သည်။
ကရင်ပြည်နယ်သည် မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေးစင်္ကြံလမ်းကြောင်းပေါ်တွင်တည်ရှိပြီး သာယာလှပသော တောတောင်ရေမြေသဘာဝရှုခင်းများ၊ စက်မှုကုန်ကြမ်းနှင့် အဖိုးတန်ဓာတ်သတ္တုများ ပေါများစွာထွက်ရှိခြင်းတို့ကြောင့် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအများအပြားကို ဖော်ထုတ်မြှင့်တင်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့မှဦးဆောင်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ ၏ အဓိကဦးတည်ချက်ဖြစ်သော Smart Investor, Green Investment, The New Age of Kayin နှင့်အညီ ရင်းနှီးမြှုပ်နှံသူများမှ ဥပဒေကိုလေးစားလိုက်နာ၍ တာဝန်ယူမှုတာဝန်ခံမှုရှိသော သဘာဝပတ်ဝန်းကျင်အား ရေရှည်စဉ်ဆက်မပြတ်ထိန်းသိမ်းသော၊ လူမှုပတ်ဝန်းကျင်၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ကရင်ပြည်နယ်အတွင်းလာရောက် ဆောင်ရွက်ခြင်းဖြင့် အနာဂတ်များအား အတူလက်တွဲလျှောက်လှမ်းသွားကြရန် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဖိတ်ခေါ် ပြောကြားခဲ့သည်။
ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ သို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးအခြေပြုစက်မှုကဏ္ဍကိုလည်းကောင်း၊ စက်မှု၊ ဝန်ဆောင်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအား ချိတ်ဆက်ခြင်းကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။