ကမ္ဘောဒီးယားနယ်စပ်ရှိ ပွိုင်ပက်ကာစီနိုမြို့ကိုထိုင်းလေတပ်စစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်

ထိုင်းရေတပ်မှ ဂျက်တိုက်လေယာဉ်များသည်ကမ္ဘောဒီးယားနိုင်ငံမှ ကာစီနိုလုပ်ငန်း မြို့တစ်မြို့ ဖြစ်သည့် ပွိုင်ပက်မြို့ကို ဒီဇင်ဘာ ၁၈ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ ထိုင်းလေတပ်စစ်လေယာဉ်များ သည် ပွိုင်ပက်မြို့တော် တစ်နေရာကို ဗုံးသုံးလုံးကြဲချခဲ့ရာ အဆောက်အအုံနှစ်လုံးပျက်စီးခဲ့ရပြီး အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်အနီး တည်ရှိသော ပွိုင်ပက်မြို့သည် ကာစီနိုလောင်းကစားလုပ်ငန်း များဖြင့် စည်ကားသောမြို့ဖြစ်ပြီး ထိုင်းနိုင်ငံသား လောင်းကစားဝါသနာရှင်များ အရောက်အပေါက် များသည့် မြို့လည်းဖြစ်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ဒီဇင်ဘာ၈ ရက်တွင် စတင်ခဲ့သော နယ်စပ်တိုက်ပွဲများသည် ဒီဇင်ဘာ ၁၈ ရက်အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာ့အင်အားကြီးနိုင်ငံများကလည်း နယ်စပ်တိုက်ပွဲများ ရပ်ဆိုင်းရေးအတွက် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကို ဖိအားပေးလျက်ရှိသည်။
လက်ရှိအချိန်တွင် နှစ်နိုင်ငံနယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း၌ အနည်းဆုံး ၂၁ဦး သေဆုံးခဲ့ရပြီး ကမ္ဘောဒီးယားဘက်ခြမ်းတွင်၁၈ ဦး သေဆုံးခဲ့ရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ယခုနှစ်ဇူလိုင်လကလည်း နှစ်နိုင်ငံ ပိုင်ဆိုင်ခွင့်အငြင်းပွား နယ်စပ် တစ်လျှောက်၌ ငါးရက်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ရာ သမ္မတဒေါ်နယ်ထရန့်၏ ကြားဝင်မှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့ရဖူးသည်။