အမေရိကန် DV ဗီဇာကံစမ်းမဲ အစီအစဉ် ရပ်ပြီ

အမေရိကန်ပြည်ထောင်စု ဘရောင်းတက္ကသိုလ်မှာ လူသေဆုံးစေတဲ့ ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ လွန်ခဲ့တဲ့ ရှစ်နှစ်က DV ကံစမ်းမဲ့အစီအစဉ်နဲ့ နိုင်ငံအတွင်းကို ဝင်ရောက်လာသူဖြစ်ကြောင်း စိစစ်တွေ့ရှိပြီးနောက် DV အစီအစဉ်ကို ရပ်ဆိုင်းဖို့ သမ္မတ ဒေါ်နယ်ထရန့်က အမိန့်ထုတ်လိုက်ပါတယ်။
ဘရောင်းတက္ကသိုလ်ပစ်ခတ်မှုမှာ တက္ကသိုလ်ကျောင်းသားနဲ့ ပါမောက္ခတယောက်တို့ သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှုကျူးလွန်သူလို့ စွပ်စွဲခံထားရပြီး ယခုကွယ်လွန်သွားပြီဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် နီဗက်စ် ဗလန်တေးဟာ ပေါ်တူဂီနိုင်ငံသားဖြစ်ပြီး မိုင်ယာမီမှာ နောက်ဆုံးနေထိုင်ခဲ့ကာ လွန်ခဲ့တဲ့ ရှစ်နှစ် ၂၀၁၇ ခုနှစ်က DV အစီအစဉ်ကတဆင့် Green Card ရပြီး ရောက်ရှိနေထိုင်နေတာပါ။
"ဒီရက်စက်ကြမ်းကြုတ်တဲ့လူကို ကျွန်မတို့နိုင်ငံမှာ ဘယ်တော့မှ ခွင့်မပြုသင့်ဘူး" လို့ အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတင်းနိုအမ်က ပြောပါတယ်။ "သမ္မတ ထရန့်ရဲ့ ညွှန်ကြားချက်အရ ဒီလိုအဖြစ်မျိုးတွေကနေ အမေရိကန်တွေ နောက်ထပ်ထိခိုက်မှုမရှိစေဖို့ DV1 အစီအစဉ်ကို ရပ်ဆိုင်းရေး USCIS ကို ချက်ချင်းညွှန်ကြားနေပါတယ်" လို့ သူကဆိုပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေက စတင်ခဲ့တဲ့ အစီအစဉ်ဟာ အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်မှုနှုန်း နည်းပါးတဲ့ နိုင်ငံတွေမှ လူတွေအတွက် တနှစ်ကို ဗီဇာ ငါးသောင်း ပေးအပ်ပြီး ကျပန်းရွေးချယ်တဲ့စနစ်ဖြစ်ပါတယ်။ နှစ်စဉ် လူသန်းပေါင်းများစွာဟာ အစီအစဉ်မှတစ်ဆင့် ဗီဇာလျှောက်ထားရရှိနေကြပါတယ်။
DV အတွက် အရည်အချင်းပြည့်မီဖို့အတွက် လျှောက်ထားတွေဟာ အနည်းဆုံး အထက်တန်းပညာရေး သို့မဟုတ် နယ်ပယ်တခုမှာ အလုပ်အတွေ့အကြုံ နှစ်နှစ်ရှိရမှာဖြစ်ကာ ဗီဇာမရရှိမီ စိစစ်တာနဲ့ အင်တာဗျူးတခု ခံယူဖို့လည်း လိုအပ်ပါတယ်။
ဒီအစီအစဉ်ကို လွှတ်တော်ကနေ ဖန်တီးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အမိမြေလုံခြုံရေးဝန်ကြီးဟာ ဘယ်ဥပဒေယန္တရားအောက်ကတဆင့် ခေတ္တရပ်ဆိုင်းဖို့ အမိန့်ပေးနိုင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
DV ကံစမ်းမဲစနစ်က ထုတ်ပေးတဲ့ ဗီဇာအများစုကို နိုင်ငံခြားရေးဌာနမှ ကြီးကြပ်ပေမယ့် အမေရိကန်ပြည်ထောင်စုမှာ ရှိနှင့်ပြီးဖြစ်တဲ့ လျှောက်ထားသူတွေအတွက် DHS ရဲ့ အစိတ်အပိုင်းတခုဖြစ်သည့် အမေရိကန်နိုင်ငံသားနဲ လူဝင်မှုကြီးကြပ်ရေးဌာနမှ စီမံဆောင်ရွက်ပါတယ်။
သမ္မတ ထရန့်ကလည်း ဒီအစီအစဉ်ကို ကြာရှည်စွာ ဝေဖန်သူတယောက်ဖြစ်ပြီး ကျပန်းရွေးချယ်တာကြောင့် လုံခြုံရေးအန္တရာယ်တွေ ဖြစ်စေနိုင်ပြီး အလုပ်အကိုင်အခြေပြုဗီဇာများကဲ့သို့ လုံလောက်တဲ့ အရည်အချင်းကို အခြေခံထားဘူးလို့ စောဒကတက်ထားပါတယ်။
ထရန့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအစောပိုင်းမှာ DV ရရှိထားသူတတယောက်ဟာ နယူးယောက်မြို့မှာ ထရပ်ကားနဲ့ ဝင်တိုက်တိုက်ခိုက်မှုတခုမှာ လူရှစ်ယောက် သေဆုံးခဲ့ပြီးနောက် ဒီအစီအစဉ်ကို အဆုံးသတ်ဖို့ တွန်းအားပေးခဲ့ပါတယ်။
ထရန့်အစိုးရဟာ ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါနဲ့ စီပွားရေးဆိုင်ရာသက်ရောက်မှုတွေကို ကိုးကားပြီး ဒီအစီအစဉ်ကို ရပ်ဆိုင်းလိုက်ပေမယ့် သမ္မတဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၁ ခုနှစ်မှာ ပြန်လည်ခွင့်ပြုခဲ့ပါတယ်။