အမေရိကန်နှင့် ဗင်နီဇွဲလား တင်းမာမှုများလျှော့ချကြရန် ကုလအကြီးအကဲ ဂူတာရက်စ်တိုက်တွန်း
အမေရိကန်ပြည်ထောင်စုနှင့်ဗင်နီဇွဲလားနိုင်ငံတို့အနေဖြင့် ချုပ်ချုပ်တည်းတည်း ဆောင်ရွက်ကြရန် နှင့်နှစ်နိုင်ငံ တင်းမာမှုများ လျှော့ချကြရန်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဒီဇင်ဘာ ၁၇ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုစာရင်းတွင်ပါဝင်နေသောရေနံတင်သင်္ဘောအားလုံး ဗင်နီဇွဲလားအဝင်အထွက်ပြုလုပ်မှုကို အလုံးစုံ ပိတ်ဆို့ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ညွှန်ကြားခဲ့ပြီးနောက်ကုလအကြီးအကဲက အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုနှင့်ဗင်နီဇွဲလားနိုင်ငံတို့အနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရေးအတွက် ကုလသမဂ္ဂပဋိညာဉ်အပါအဝင် နိုင်ငံတကာဥပဒေများအရစောင့်ထိန်းရမည့် တာဝန်ဝတ္တရားများအား စောင့်ထိန်းနိုင်လာကြရန်ကုလအကြီးအကဲက တိုက်တွန်းထားကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြား ထားသည်။
အရေးယူပိတ်ဆို့မှု စာရင်းဝင်ရေနံတင်သင်္ဘောအားလုံး ဗင်နီဇွဲလားအဝင်အထွက်ပိတ်ဆို့ရန် သမ္မတ ဒေါ်နယ်ထရန့်က ညွှန်ကြားခဲ့ပြီးနောက် ယင်းပြဿနာနှင့်ပတ်သက်၍ကုလလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပေးရန် ဗင်နီဇွဲလားနိုင်ငံက တောင်းဆိုထားသည်။
ဗင်နီဇွဲလားနိုင်ငံ၏ တောင်းဆိုချက်အရ ကုလလုံခြုံရေးကောင်စီအစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက် တွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂသံတမန်များက ပြောကြားသည်။
ရေနံတင် သင်္ဘောများနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်၏ကြေညာချက်သည် အမေရိကန် ပြည် ထောင်စုအနေဖြင့် ဗင်နီဇွဲလားနိုင်ငံအပေါ် ဗိုလ်ကျသည့် သဘောဖြစ်ကြောင်း ဗင်နီဇွဲလားအစိုးရက ဝေဖန်ထားသည်။