ဟောင်ကောင် မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်အားပြန်လွှတ်ရန် ရှီကျင်းပင်ကို ဒေါ်နယ်ထရန့် တောင်းဆို

ဟောင်ကောင်တွင် အငြင်းပွားဖွယ် အမျိုးသား လုံခြုံရေးဥပဒေဖြင့်စွဲချက်တင်ပြီး အပြစ်ရှိကြောင်း တရားရုံးက စီရင်ချက်ချထားသူမီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်ကို ပြန်လွှတ်ပေးရန် တရုတ်သမ္မတ ရှီကျင်းပင်အား တောင်းဆိုခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကဒီဇင်ဘာ ၁၅ ရက်တွင် ပြောသည်။
ယင်းကိစ္စအပေါ် အလွန်စိတ်မကောင်းကြောင်း ဒေါ်နယ်ထရန့်က သတင်းထောက်များကို ပြောကြားခဲ့ပြီး သမ္မတရှီကျင်းပင်နှင့် ဆက်သွယ်ကာ ၎င်းအားပြန်လွှတ်ပေးရေးစဉ်းစားရန် တောင်းဆိုခဲ့ကြောင်းထုတ်ပြောခဲ့သည်။
ဗြိတိန်ကလည်း အသက် (၇၈)နှစ်အရွယ် ဂျင်မီလိုင်ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ပြီး တရားရုံး၏ဆုံးဖြတ်ချက်သည် နိုင်ငံရေးပယောဂပါသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အီးဗက်ကူးပါးက ဝေဖန်ပြောဆိုသည်။
ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပြီး အက်ပဲဒေးလီးသတင်းဌာနတည်ထောင်သူ ဂျင်မီလိုင်းသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစ၍ထောင်ထဲတွင် ရှိနေပြီး လာမည့်နှစ်အစောပိုင်းတွင် ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံရမည်ဖြစ်ရာ ထောင်ဒဏ်တစ်သက် အများဆုံးချမှတ်ခံရနိုင်သည်။
ဟောင်ကောင်အာဏာပိုင်များကမူ ဂျင်မီလိုင်သည် ပုန်ကန်မှု၊ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်မှု၊ သတင်းမှားများကိုဖြန့်ဝေမှုစသည့် စွဲချက်များဖြင့် တရားစွဲခံခဲ့ရသည်။ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းကို ဝေဖန်လေ့ရှိသူ ဂျင်မီလိုင်သည် ဟောင်ကောင် တွင်၂၀၁၉ ခုနှစ်ကဖြစ်ပွားခဲ့သော ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြပွဲများတွင် အဓိက ပါဝင်ခဲ့သူဖြစ်သည်။