မြန်မာ-တရုတ် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေး ကျင်းပ

မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတွင် ဓါတုပစ္စည်းထိန်းချုပ်ရေးမှာ အရေးကြီးသဖြင့် ယင်းသို့ထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံသတင်းဖလှယ်ဆောင်ရွက်မည်
အကြိမ်(၂၀)မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ယမန်နေ့က တောင်ကြီးမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးဈေးကွက် ကျယ်ပြန့်လာခြင်းနှင့်အတူ အဂတိလိုက်စားမှု၊ငွေကြေးခဝါချမှု အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ ဆက်စပ်ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် ဝင်းဗိုလ်က ပြောကြားခဲ့သည်၊
ထို့ပြင် နှစ်နိုင်ငံ ပြည်သူများ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် ရှိရင်းစွဲယုံကြည်မှုများကို အခြေခံပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်မှုများကို နှစ် နိုင်ငံပူးပေါင်းပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုခိုင်မာအောင် တည်ဆောက်ခြင်းဖြင် အကျိုးရလဒ်ကောင်းများ တိုးတက်ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် ဒုတိယအတွင်းရေးမှုးချုပ် Mr. ZHAO Zhongchen ကလည်း မြန်မာ-တရုတ် ပူးပေါင်း၍ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆောင်ရွက်ခဲ့သည့်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီး ဖြစ်ပြီး အောင်မြင်မှုများစွာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ကဏ္ဍတွင် ဓါတုပစ္စည်းထိန်းချုပ်ရေးမှာ အရေးကြီးပြီး ထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံသတင်းဖလှယ်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
တရုတ်မှ မြန်မာနိုင်ငံသို့ တင်သွင်းမည့် ဓါတုပစ္စည်းများကို သေချာစွာစိစစ်လျက်ရှိပြီး နှစ်နိုင်ငံ မူးယစ်တရားခံပြေးများ ဖမ်းဆီးရမိရေးနှင့် တားဆီးနှိမ်နှင်းရေးကိုလည်း သတင်းဖလှယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image