ဂျပန်ပို့မယ်ဆိုပြီး ကျပ်သိန်းပေါင်း ကိုးသောင်း လိမ်သွားတဲ့ အေဂျင်စီက ဒါရိုက်တာနဲ့ ပိုင်ရှင်ကို ဖမ်းဆီး စစ်ဆေးနေ
ဂျပန်နိုင်ငံကို အလုပ်လုပ်ဖို့ ပို့ဆောင်ပေး မယ်ဆိုပြီး လူအယောက် ၈၀၀ ကျော် ဆီကနေ ငွေကျပ် သိန်းပေါင်း ကိုးသောင်းကျော် လောက်ကို လိမ်ညာသွားတဲ့ အေဂျင်စီ နှစ်ခုထဲက Su Latt Myint Mo အေဂျင်စီက ဒါရိုက်တာ နဲ့ ပိုင်ရှင်တို့ကို ဖမ်းဆီးပြီး စစ်ဆေးမှု ပြုလုပ် နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ Su Latt Myint Mo ရဲ့ ဒါရိုက်တာ ဒေါ်သက်သက်ခိုင် ဆိုသူနဲ့ ပိုင်ရှင် တို့ကို အင်းစိန်ထောင်မှာ ဖမ်းဆီးထားတာ ဖြစ်ပြီး လာမယ့် ၂၂ ရက်မှာ ရမန် ယူဖို့ရှိတယ်လို့ သိရပါတယ်။
Su latt Myint Mo အေဂျင်စီဟာ မကြာသေးခင်ကမှ အကျိုးဆောင် လိုင်စင် ရာသက်ပန် ပိတ်သိမ်းခံထားရတဲ့ အေဂျင်စီ ဖြစ်တယ်လို့ သိရပါတယ်။
" ကုမ္ပဏီ ပိတ်သွားပေမယ့် သူကအရှိန်နဲ့ ဆက်လုပ်နေတာပေါ့။ ဒါရိုက်တာ ရာထူးကိုသုံးပြီး လုပ်တဲ့သဘော ပါတယ်။ပိုင်ရှင် သိမသိ ကေတာ့ စစ်ပြီးမှ သိမယ်။ ပါခြင်း မပါခြင်းကလည်း သေသေချာချာ လေးလေးနက်နက် ဖော်ထုတ်မှ သိရမယ်။ဒါရိုက်တာ သက်သက်ခိုင်ကတော့ လိမ်ကြောင်းကို အလုပ်သမား တွေကလည်း သက်သေရှိလို့ ဖမ်းလိုက်တာ ။ သူက ငွေယူတယ်ဆိုပြီး စာချုပ်ထဲမှာ ရေးထားတယ်။ ဒါပေမယ့် အလုပ်သမားတွေနဲ့ သူနဲ့ မတွေ့ဘူး ။ ငွေလက်ခံတယ် ဆိုတာက ဒေါ်ခင်စန္ဒာကျော်ဆိုတာက လက်ခံတာ။ခုတော့ ဒါရိုက်တာ ရော ပိုင်ရှင်ရော နှစ်ယောက်လုံးကို ဖမ်းဆီး စစ်နေပါတယ်။ " လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF ရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
နောက်ထပ် အေဂျင်စီတခု ဖြစ်တဲ့ Nay Won Kabar အေဂျင်စီက တာဝန်ရှိ သူတွေကိုတော့ လက်ရှိ ရန်ကုန် ၊ မရမ်းကုန်မြို့နယ်ရှိ အလုပ်သမားဝန်ကြီးဌာန ရုံးမှာ ခေါ်ယူ စစ်ဆေးမှု ပြုလုပ်နေတယ်လို့ သိရပါတယ် ။
ဒါအပြင် အလုပ် ချိတ်ဆက်ပေးတဲ့ ဂျပန်စာသင်တန်း ကျောင်းတွေကိုလည်း စစ်ဆေးမှု ပြုလုပ်နေကြောင်း နဲ့ အခကြေးငွေ ရယူပြီး အလုပ်ချိတ် ပေးတဲ့ သင်တန်းကျောင်း တွေကတော့ အေရးယူ ခံရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ် ။
" နေဝန်းကမ္ဘာ စစ်နေတုန်းပဲ ။ ရှစ်မိုင်ရုံးက အလုပ်သမား ဝန်ကြီးဌာနက ခေါ်စစ်နေတယ်။ အဓိကတော့ ချိတ်ပေးတဲ့ သင်တန်းကျောင်း တွေလည်း ခေါ်စစ်တယ်။ တချို့သင်တန်း ကျောင်းတွေက အရေးယူခံရမယ့် သဘောရှိပါတယ်။ အဓိက ကလေးတွေက သင်တန်းကျောင်း ပေါ် ယုံကြည်တယ်။ သင်တန်းကျောင်း ကနေ ဒီလူ ဒီလူကို ဆက်သွယ်ပြီး လုပ်ပေးနိုင်တယ် ဆိုလို့ အဲလူအပေါ် ငွေပုံချတာ ဒါပဲ ။ ဒါပေမယ့် ဥပဒေ ကြောင်းအရကျတော့ သူတို့ကို တိုက်ရိုက် ထိခိုက်လို့ မရအောင်ဆိုပြီး တကယ် ကြိုးကိုင်သူတွေ ကစားသွားတာ ။ " လို့ သူက ထပ်မံ ပြောပါတယ် ။
ဖမ်းဆီး ခံထားရသူတွေအနေနဲ့ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ဥပေဒ ပုဒ်မ ၂၆ အရ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်တဲ့အပြင် စာရွက်စာတမ်း အတုပြုလုပ်မှု ၊ ငွေကြေးလိမ်လည်မှု အပါအဝင် တခြား ပုဒ်မတွေ နဲ့ပါ တရားစွဲဆို ခံရနိုင်တယ်လို့ သိရပါတယ် ။
ဂျပန်မှာ အလုပ်လုပ် ကိုင်ဖို့အတွက် တာချီလိတ်ကနေ ထိုင်း ၊ ထိုင်း ကမှတဆင့် ဂျပန်ကို ပို့ပေးမယ်ဆိုပြီး ငွေကျပ် သိန်းပေါင်း ကိုးသောင်း လောက် လိမ်ညာ သွားကြောင်းကို အလိမ်ခံခဲ့ ရသူ အယောက် ၁၀၀ လောက်က MOEAF ဆီကို လာရောက် တိုင်ကြားခဲ့ရာကနေ တဆင့်သိရှိခဲ့ရပြီးနောက် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေး နေတာ ဖြစ်ပါတယ်။
ငွေကြေး အလိမ်ခံရသူတွေဟာ ဂျပန်ကို သွားရောက်ပြီး အလုပ် လုပ်ကိုင်ခွင့် ရရှိဖို့ အတွက် တယောက်ကို သိန်း ၁၁၀ ကနေ သိန်း ၂၀၀ ကျော်အထိ အေဂျင်စီကို ပေးခဲ့ရတယ်လို့ အလုပ်သမားတွေ တိုင်တန်းမှုအရ သိရပါတယ်။
ဂျပန်ကို ပို့ပေးမယ်ဆိုပြီး ငွေကြေးတွေ လိမ်လည်ခံရသူတွေက လက်ရှိ မြန်မာနိုင်ငံထဲမှာ အယောက် ၁၀၀ လောက် ရှိပြီး ဘန်ကောက်မှာလည်း ဂျပန်သွားဖို့အတွက် စောင့်ဆိုင်းနေတဲ့ ငွေလိမ်ခံရသူ အယောက် ၇၀၀ လောက် ရှိနေတယ် လို့ သိရပါတယ် ။
ဂျပန်မှာ အလုပ်လုပ် ဖို့အတွက် အေဂျင်စီတွေ နဲ့ ချိတ်ဆက် ပေးတာကတော့ ဂျပန်စာ သင်တန်းကျောင်းတချို့က ဆက်သွယ် ပေးခဲ့တာ ဖြစ်ကြောင်း သိရှိရပြီး လက်ရှိမှာတော့ သင်တန်းကျောင်း တွေက ငွေကြေး လိမ်ညာမှုကိစ္စဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း ပြောဆိုမှု ရှိနေတယ်လို့ သိရပါတယ် ။