ရွှေကျင်မှာ. USDP ပါတီဝင်ကို ဓားနဲ့လိုက်ခုတ်ခဲ့တဲ့အမျိုးသား ထောင် ၇ နှစ်ကျ

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရွေကျင်မြို့နယ် ၊ အနောက်ဘက်ကျေးရွာက ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်( USDP) အမျိုးသမီးကို ဓားနဲ့လိုက်ခုတ်ခဲ့တဲ့ အမျိုးသားကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၇ နှစ် အမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ် ။
တရားခံ ဖြစ်သူ ဦးဝင်းဦး (ခ) ဘက်ဖိုး ကို အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) အရ ရွှေကျင်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အမိန့် ချမှတ် လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။
"ဟုတ်ပါတယ် ။ မနေ့က အမိန့်ချလိုက်တယ် ။ ထောင် ၇ နှစ်ချ လိုက်တာပါ ။ " လို့ ရွှေကျင်မြို့နယ်ရှိ USDP ပါတီ ဝန်းရံသူ ကပြောပါတယ် ။
အမှု ဖြစ်စဥ်က အရင်လ နိုဝင်ဘာ ၁၄ နေ့ မနက်ပိုင်းမှာ အနောက်ဘက်ကျေးရွာရှိ USDP ပါတီဝင် တယောက်ရဲ့နေအိမ်မှာ ပြုလုပ်တဲ့ ပါတီ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို တက်ရောက်ကြဖို့အတွက် ပါတီဝင်ဖြစ်တဲ့ ဒေါ်မာစိန်က ရွာထဲ လိုက်လံ အသိပေး ပြောကြားချိန် NLD ပါတီဝင်ဖြစ်သူ ဦးဝင်းဦး က ဓားမနဲ့ နှစ်ချက် လိုက်လံခုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအတွက် နိုဝင်ဘာ ၁၄ ရက်မှာပဲ တရားခံ အမျိုးသားကို ဖမ်းဆီးပြီး ရွှေကျင်မြို့နယ် ရဲစခန်းမှာ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
တရားခံကိုတော့ ဖမ်းဆီးပြီး တလကျော် အကြာမှာ တရားရုံးက အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒီဇင်ဘာ ၄ ရက်ကလည်း ပဲခူးမြို့မှာ ရွေးကောက်ပွဲ နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ရေး ဥပဒေ နဲ့ ဖမ်းဆီးခံထားရတဲ့ ကိုကျော်ငွေဇင် နဲ့ မောင်းပြား ဆိုသူတို့ကို ပဲခူးမြို့နယ် တရားရုံးက အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ် ခဲ့ တယ်လို့ သိရပါတယ်။
နိုဝင်ဘာ လကုန်ပိုင်းကလည်း ဒါရိုက်တာ မိုက်တီး နဲ့ ဟာသ သရုပ်ဆောင် အုန်းဒိုင်း ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ရွေးကောက်ပွဲ နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ရေး ဥပဒေပုဒ်မ ၂၃(က)အရ တယောက်ကို ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ် မှုရှိခဲ့ ပါတယ် ။
နိုဝင်ဘာ ၁၉ ရက်က ဆိုရင်လည်း ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)အရ ရန်ကုန်တိုင်း ၊ လှိုင်သာယာအနောက် မြို့နယ် နဲ့ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် တရားရုံးက အသက် ၂၃ နှစ် အရွယ် ကိုရန်နိုင်ကြည်ဝင်း နဲ့ အသက် ၂၄ နှစ် အရွယ် ကိုအောင်ရဲထွဋ်တို့ကို ထောင်ဒဏ် ၄၉ နှစ်စီချမှတ်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မယမင်းထက် ကို ထောင်ဒဏ် ၄၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ် ။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာလည်း နိုဝင်ဘာ ၁၉ ရက်မှာပဲ အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ကို မော်လမြိုင် ခရိုင်တရားရုံးက
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) အရ ထောင်ဒဏ် ၁၇ နှစ်ချမှတ် လိုက်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲဥပဒေနဲ့ ပထမဆုံး စတင် အရေးယူခံခဲ့ရတဲ့ ရှမ်းပြည်နယ် ၊ တောင်ကြီးမြိုမှ အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ဆိုသူကိုတော့ စက်တင်ဘာ ၉ ရက်မှာ တောင်ကြီးမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ် အမိန့်ချမှတ်ခဲ့ တာဖြစ်ပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လုပ်ဆောင်မှုကြောင့် ဖမ်းဆီး၊ အရေးယူခံရသူကတော့ အယောက် ၁၀၀ ကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့ အချက် အလက် တွေအရ သိရပါတယ်။
ပါတွစုံအထွေထွေ ရွေးကောက်ပွဲကိုတော့ အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမှာဖြစ်ပြီး အပိုင်း ၁ အဖြစ် ပထမဆုံး အကြိမ် ပြုလုပ်မယ့် ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ စတင် ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

image