အင်တာမိုင်ယာမီနှင် တစ်နှစ်စာချုပ်ချုပ်ဆိုလာတဲ့ လူးဝစ်ဆွာရက်ဇ်
=================

အင်တာမိုင်ယာမီတိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်ဟာ အသင်းတွင် ၂၀၂၆ မေဂျာလိဂ်ရာသီအထိ ရှိနေမယ့် တစ်နှစ်စာချုပ်ချုပ်ဆိုလာပါတယ်။
ဆွာရက်ဇ်ဟာ ၂၀၂၅ ခုနှစ်တွင် အင်တာမိုင်ယာမီအတွက် ပြိုင်ပွဲအရပ်ရပ် ပွဲ ၅၀ ကစားခဲ့ရာမှာ ၁၇ ဂိုးသွင်းပြီး ၇ ကြိမ်ဖန်တီးကာ ကလပ်သမိုင်းတွင် ပထမဆုံးမေဂျာလိဂ်ဖလား ရရှိအောင် အဓိကနေရာမှ ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။
လာမယ့်လတွင် အသက် ၃၉ နှစ်ပြည့်မယ့် ဥရုဂွေးတိုက်စစ်မှူးဟာ ၂၀၂၄ ခုနှစ်တွင် ကစားဖော်ဟောင်းနှင့် သူငယ်ချင်းဖြစ်သူ လီယွ့န်နယ်မက်ဆီရှိရာ အင်တာမိုင်ယာမီသို့ ရောက်လာတာ ဖြစ်ပြီး ယခုလအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူလည်း ဖြစ်ပါတယ်။
ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီတွင် ကစားတဲ့ ပထမဆုံးရာသီတွင် Supporters'Shield ဖလားရအောင်လည်း ကူညီခဲ့သူ ဖြစ်ပြီး ယခုအခါ လာမယ့်ရာသီအထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။
ဆွာရက်ဇ်ဟာ ဩဂုတ်လတုန်းက လိဂ်ဖလားဗိုလ်လုပွဲ ရှုံးပွဲအပြီးတွင် ဆက်တယ်ဆောင်းဒါးနည်းပြအဖွဲ့ဝင်တစ်ဦးကို တံတွေးဖြင့် ထွေးခဲ့မှုကြောင့် ၉ ပွဲပယ်ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။
သူဟာ လီဗာပူးတွင် ကစားစဉ်တုန်းကလည်း ယူနိုက်တက်နောက်ခံလူပက်ထရစ်အီဗရာကို လူမျိုးရေးခွဲခြားမှုကြောင့် ၈ ပွဲပယ်ခံရဖူးပါတယ်။ ဒါ့အပြင် သူဟာ အေဂျက်စ်၊ ဥရုဂွေးနှင့် လီဗာပူးတို့တွင် ကစားစဉ်အတွင်း ပြိုင်ဘက်ကစားသမားကို ကိုက်မှုကြောင့် ပွဲပယ်ခံခဲ့ရဖူးပါသေးတယ်။
ဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီဟာ မကြာသေးမီတုန်းက စပါးစ်နှင့် ယူနိုက်တက်နောက်ခံလူဟောင်းဆာဂျီယိုရီဂူလွန်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူကာ ရာသီသစ်အတွက် ပြင်ဆင်နေပါတယ်။