ထုတ်ပယ်ခံထားရသည့်ရှေ့နေများ တရားရုံး ပြင်ပတွင် ရှေ့နေအဖြစ်လုပ်ကိုင်နေခြင်းကို တားမြစ်ရန် ဥပဒေပြင်ဆင်နေ
ရှေ့နေအဖြစ်မှ ထုတ်ပယ်ခံထားရသူများက အမှုသည်များထံမှ ကိုယ်စားလှယ်စာယူ၍ တရားရုံး တွင် ရှေ့နေ တစ်ဦးသဖွယ် လိုက်ပါ ဆောင်ရွက် နေခြင်းနှင့် ရှေ့နေအဖြစ် တရားရုံး ပြင်ပတွင် လုပ်ကိုင်နေခြင်းကို တားမြစ်နိုင်ရန်အတွက် ရှေ့နေများအက်ဥပဒေကိုပြင်ဆင်နေကြောင်း ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင် စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ပြောသည်။
နေပြည်တော်ရှိ ဥပဒေရေး ရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ဒီဇင်ဘာ ၁၅ရက် နံနက်ပိုင်းက ကျင်းပသည့် ရှေ့နေများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) နှင့် စပ် လျဉ်းသည့် အပြီးသတ်ညှိနှိုင်း အစည်းအဝေး၌ ၎င်းကထိုသို့ပြောခြင်းဖြစ်သည်။
အဆိုပါ ဥပဒေမူကြမ်းတွင် ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ခွင့်မရှိဘဲ အမှုဆက်လက် လိုက်ပါ ဆောင်ရွက်နေခြင်းကို တား ဆီးနိုင်ရန်၊ အမှုပွဲစားများအပေါ် ထိရောက်သော ပြစ်ဒဏ်များချမှတ် နိုင်ရန်အတွက် ပြင်ဆင်ချက်များလည်းပါဝင်ကြောင်း သိရသည်။
ဥပဒေများအား ပြင်ဆင် ပြဋ္ဌာန်းရာ၌ ဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ဘာသာပြန်ဆိုပြီး ဖြစ်ပါက မြန်မာဘာသာဖြင့်သာ ပြင်ဆင်ပြဋ္ဌာန်းရမည်ဖြစ်ပြီး သဘောထားကွဲလွဲနိုင်သည့် အချက် များ ပေါ်ပေါက်လာမှသာ မူရင်းဥပဒေ ဖြစ်သည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဥပဒေအား အသုံးပြုရမည်ဖြစ်ကြောင်းအထက်ပါအစည်းအဝေးတွင် ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင် စုရှေ့နေချုပ် ဒေါက်တာ သီတာဦးကပြောသည်။
ယခုပြင်ဆင်နေသည့် ရှေ့နေ များအက်ဥပဒေကို ဘာသာပြန် ကော်မရှင်က တရားဝင်ဘာသာပြန် ဆိုပြီးဖြစ်၍ မြန်မာဘာသာပြန်ဆို ချက်ကိုပင် ပြင်ဆင်ရန်ဆွေးနွေးပြီး ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ပါ ပြင်ဆင်သည့် အချက်များသည် လက်တွေ့တွင် အမှန်တကယ်လိုအပ်သော အချက်များဖြစ်၍ ဥပဒေပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။