အီတလီမြောက်ပိုင်းမှာ ဒိုင်နိုဆောခြေရာ ထောင်ပေါင်းများစွာ တွေ့ရှိ
အီတလီမြောက်ပိုင်းရှိ အမျိုးသားဥယျာဉ်တခုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၁၀ ခန့်က ရှင်သန်ကျက်စားခဲ့တဲ့ ဒိုင်နိုဆောခြေရာထောင်ပေါင်းများစွာကို တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခြေရာအချို့မှာ အချင်း ၄၀ စင်တီမီတာ (၁၅ လက်မ) အထိရှိပြီး ခြေချောင်းတွေနဲ့ ခြေသည်းတွေရဲ့ သိသာထင်ရှားတဲ့ အရိပ်လက္ခဏာတွေလည်း ရှိပါတယ်။ ဒီဒိုင်နိုဆောတွေဟာ လည်ပင်းရှည်၊ ဦးခေါင်းသေးငယ်ပြီး ချွန်ထက်တဲ့ ခြေသည်းတွေပါရှိတဲ့ အပင်စား ပရိုဆော်ရိုပေါ့ဒ် အမျိုးအစားတွေ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
"ကျွန်တော်နေထိုင်တဲ့ ဒေသမှာ ဒီလောက်အံ့မခန်း ရှာဖွေတွေ့ရှိမှုကို ကျွန်တော် ဘယ်တုန်းကမှ မတွေ့ရှိခဲ့ဖူးဘူး" လို့ မီလန်အခြေစိုက် ရှေးဟောင်းသုတေသနပညာရှင် ခရစ်တီယာနိုဒလ်ဆက်ဆိုက ပြောပတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက ဓာတ်ပုံဆရာတယောက်ဟာ မီလန်မြို့ အရှေ့မြောက်ဘက်ရှိ စတယ်လ်ဗီအို အမျိုးသားဥယျာဉ်ရှိ တောင်နံရံတခုပေါ်မှာ မီတာရာပေါင်းများစွာ ရှည်လျားတဲ့ ခြေရာတွေကို စတင်တွေ့ရှိခဲ့တာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၅၀ မှ ၂၀၁ ခန့်အတွင်း ထရိုင်ဆစ် ကာလမှာ ဒီတောင်နံရံဟာ ကမ်းပါးတခုဖြစ်ပြီး နောက်ပိုင်းမှာတော့ အယ်လ်ပိုင်းတောင်တန်းရဲ့ အစိတ်အပိုင်းတခု ဖြစ်လာခဲ့ပါတယ်။ "ဒီနေရာဟာ ဒိုင်နိုဆောတွေနဲ့ ပြည့်နှက်နေတယ်။ ဒါဟာ ကြီးမားတဲ့ သိပ္ပံပညာဆိုင်ရာ ရတနာတပါးပါ" လို့ မစ္စတာ ဒယ်လ်ဆက်ဆိုက ပြောပါတယ်။
အရှည် ၁၀ မီတာ (၃၃ ပေ) အထိ ရှိနိုင်တဲ့ ပရိုဆော်ရိုပေါ့ဒ်တွေဟာ ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်ကြပေမယ့် အချို့ကိစ္စတွေမှာတော့ ခြေရာတွေရှေ့မှာ ရှေ့ခြေလက်နှစ်ချောင်း အရာတွေ တွေ့ရှိခဲ့ရပြီး ဒါဟာ ရပ်တန့်ပြီးနောက် ရှေ့ခြေတွေကို မြေပြင်ပေါ်မှာ ချခဲ့တာဖြစ်နိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။
အီတလီယဉ်ကျေးမှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဒီဒေသဟာ ဝေးလံခေါင်သီပြီး လမ်းကြောင်းအရ ဝင်ရောက်မရသောကြောင့် ဒရုန်းတွေ အဝေးထိန်းအာရုံခံနည်းပညာတွေကို အသုံးပြုလေ့လာသွားမယ်လို့ ဆိုပါတယ်။
စတယ်လ်ဗီအိုအမျိုးသားဥယျာဉ်ဟာ လာမည့်နှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပမယ့်နေရာအနီးရှိ အီတလီနိုင်ငံနဲ့ ဆွစ်ဇာလန်နယ်စပ် ဖရေလီ ချိုင့်ဝှမ်းမှာ တည်ရှိပါတယ်။