မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ်သုံးဖွဲ့ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးဆွေးနွေး
-----------------------------
မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံက ကိုယ်စားလှယ်သုံးဖွဲ့ဟာ ဒီဇင်ဘာ ၁၅ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်-၂ ချစ်ကြည်ရေးတံတား အစည်းအဝေးခန်းမမှာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး အစည်းအဝေးကျင်းပခဲ့တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီအစည်းအဝေးမှာ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုကို ကင်းစင်ပပျောက်တဲ့အထိ ရှင်းလင်းဆောင်ရွက်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်ပတ်သက်သူတွေကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းရာမှာ အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ရမဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲကို မြန်မာနိုင်ငံဘက်က အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီက တွဲဖက်အတွင်းရေးမှူး၂၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၂ ရဲဗိုလ်ချုပ် မျိုးမင်းထိုက်နဲ့ တာဝန်ရှိသူတွေ၊ မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ တရုတ်နိုင်ငံဘက်က ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရိနဲ့ တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံဘက်က Office of Assistant Commissioner Generalက Pol. Lt.Gen. ဂျီရက်ဘ်ဟော့ ဘူရီဒက်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမတိုင်ခင် ဒီဇင်ဘာ ၁၅ရက် မနက်၈နာရီက မြန်မာ-တရုတ်-ထိုင်း ကိုယ်စားလှယ်သုံးဖွဲ့ဟာ KK Parkနယ်မြေကိုသွားရောက်ပြီး အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေ လုပ်ဆောင်ခဲ့တဲ့ တရားမဝင်အဆောက်အဦတွေ ဖြိုချဖျက်ဆီးထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေက္ကိုလ်နယ်မြေကို ဆက်လက်သွားရောက်ကာ တရားမဝင်နိုင်ငံခြားသားတွေကို ထားရှိတဲ့ အဆောက်အဦတွေ၊ အွန်လိုင်းလိမ်လည်မှု လုပ်ဆောင်ခဲ့တဲ့ အဆောက်အအုံတွေကို စနစ်တကျ မိုင်းခွဲဖျက်ဆီးထားမှုအခြေအနေတွေကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မြဝတီမြို့ရှိ နယ်ခြားစောင့်တပ်(BGF) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကွပ်ကဲမှုရုံးမှာ ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေကိုလည်း ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။