အမျိုးသား ဖူဆယ်အသင်းအနေဖြင့် တစ်ပွဲချင်းစီကို အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားမည်ဟု အသင်းနည်းပြ ပြော

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းအနေဖြင့် တစ်ပွဲချင်းစီကိုအ ကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားမည်ဟု အသင်းနည်းပြဖြစ်သူ Mr. Pattaya Piamkum က ပြောသည်။
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖူဆယ်အမျိုးသား ပွဲစဉ်များအတွက် ပွဲကြိုညှိနှိုင်းအစည်း အဝေးနှင့် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ (၁၄) ရက်က ကျင်းပစဉ် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့လည်း အခြားအသင်းတွေလိုပဲ ပြင်ဆင်ချိန်အများကြီး မရခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ့်မှာရှိတဲ့ အင်အားနဲ့ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲဝင်အသင်းတွေမှာ နည်းပြကောင်းတွေရှိနေကြလို့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့ အသင်းအနေနဲ့ တစ်ပွဲချင်းစီကို အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့ အသင်းအတွက်လည်း သိပ်ကိုအကျိုးရှိတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေရရှိမှာကြောင့် ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
မြန်မာအသင်းအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ (၁၅) ရက် မွန်းလွဲ (၃) နာရီခွဲအချိန်တွင် အင်ဒိုနီးရှား၊ ဒီဇင်ဘာ (၁၆) ရက် ည‌ (၆) နာရီခွဲတွင် ထိုင်းအသင်း၊ ဒီဇင်ဘာ (၁၇) ရက် ည (၆) နာရီခွဲတွင် မလေးရှားအသင်း၊ ဒီဇင်ဘာ (၁၉) ရက် မွန်းလွဲ (၃) နာရီခွဲတွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
ပွဲစဉ်များကို ထိုင်းနိုင်ငံ Nonthaburi ရှိ Nonthaburi Stadium တွင် ကစားရမည်ဖြစ်ပြီး Channel 7, Reader Channel နှင့် HTV Sport Channel တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း အသိပေးထားသည်။
လက်ရှိဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း၊ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းတို့မှာ အုပ်စုအဆင့်နှင့်ပင် ကျေနပ်ခဲ့ရသည်။

image