ဘင်ဝှိုက် တစ်လကျော်ကြာ အနားယူရမည်ကို အာဆင်နယ်စိုးရိမ်နေ
===================
အာဆင်နယ်နောက်ခံလူဘင်ဝှိုက်မှာ တံကောက်ကြောဒဏ်ရာကြောင့် အနည်းဆုံး တစ်လကြာ အနားယူရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။
အာဆင်နယ်ဟာ ဝုဗ်အား အနိုင်ရတဲ့ပွဲတွင် ဒဏ်ရာရရှိခဲ့တဲ့ ဘင်ဝှိုက်ရဲ့ ကြွက်သားဒဏ်ရာအတိမ်အနက်အဖြေ ဆေးစစ်ဆေးမှုအား စောင့်ဆိုင်းနေဆဲ ဖြစ်ပေမယ့် လေးပတ်မှ ခြောက်ပတ်အထိ အနားယူရမည်ကို စိုးရိမ်နေရပါတယ်။
အသက် ၂၈ နှစ်ရှိ ညာနောက်ခံလူဟာ အမ်းမရိတ်ကွင်းတွင် ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲရဲ့ ပွဲချိန် ၃၁ မိနစ်မှာ မိုင်လက်စ်လီဝစ်စကယ်လီနှင့် လူစားလဲလှယ်ခဲ့ရပါတယ်။
ပွဲအပြီးတွင် မီခေးလ်အာတီတာက ဘင်ဝှိုက်ရဲ့ ဒဏ်ရာမှာ တံကောက်ကြောဒဏ်ရာ ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုခဲ့ပါတယ်။
ဘက်ဝှိုက်ဟာ ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အတွက် ၁၁ ပွဲတည်းသာ ကစားထားနိုင်သူ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် အာဆင်နယ်ဟာ ဝီလီယမ်ဆာလီဘာ ပြန်လည် ကစားလာနိုင်လို့ စိတ်သက်သာရပေမယ့်လည်း အသင်းခေါင်းဆောင်ဂါဘရီရယ်မှာ အနားယူနေရဆဲ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ စနေနေ့တွင် အဲဗာတန်ကို အဝေးကွင်းသို့ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ပဲလေ့စ်နှင့် ရင်ဆိုင်ကစားရပါမယ်။ ပြီးလျှင် အာဆင်နယ်ဟာ နှစ်မကုန်မီ ဘရိုက်တန်၊ အက်စတွန်ဗီလာတို့နှင့် ရင်ဆိုင်ကစားရပါမယ်။