5 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်ကစားသမားဟောင်းများရဲ့ တိုက်ခိုက်မှုများအပေါ် အမိုရမ် တုံ့ပြန်လာ
===================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က ယူနိုက်တက်ကစားသမားဟောင်းများမှာ အသင်းရဲ့ အောင်မြင်မှုနည်းပါးမှုကြောင့် ဝေဖန်နေကြခြင်းဖြစ်ကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ယနေ့ညတွင် ဘုန်းမောက်နှင့် ပရီးမီးယားလိဂ်ပွဲကစားရမှာ ဖြစ်ပြီး ယခုပွဲ အနိုင်ရလျှင် ထိပ်ဆုံး ၆ သင်းစာရင်းသို့ ဝင်ရောက်လာနိုင်ပါမယ်။
ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီသိမ်းပွဲတုန်းကလည်း အနိုင်ရလျှင် ထိပ်ဆုံး ၆ သင်းစာရင်းမှာ ဖြစ်ပေမယ့် ပဲလေစ်ကို ၄-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။ အဲရစ်တန်ဟက်မှာ အက်ဖ်အေဖလား ဆွတ်ခူးပြီး ဥရောပဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ရလဒ်ဆိုးရွားမှုကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အမိုရမ်လက်လက်တွင် ယူနိုက်တက်အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ၁၉၉၃ ခုနှစ်နောက်ပိုင်း အဆိုးဆုံးအဆင့်အဖြစ်အဆင့် ၁၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက The Good, The Bad & The Football အစီအစဉ်တွင် ယူနိုက်တက်ဂန္ထဝင်ပေါလ်စခိုးက အမိုရမ်မှာ ယူနိုက်တက်ကို ကိုင်တွယ်ရန် သင့်တော်သူ မဟုတ်ကြောင်းနှင့် သူ့စနစ်မှာ တောင်ပံကို အားကိုး အသုံးပြုတဲ့ ယူနိုက်တက်ရဲ့ အစဉ်အလာကစားကွက်နှင့် ကိုက်ညီခြင်း မရှိကြောင်း ဆိုသွားပါတယ်။
ကစားသမားဟောင်းများရဲ့ ဝေဖန်မှုများအား မေးမြန်းလာချိန်တွင် အမိုရမ်က "ဒါကို ပုံမှန်လို့ပဲ ထင်တယ်။ ကျွန်တော်က ယူနိုက်တက်မန်နေဂျာပါ။ ကျွန်တော်တို့ အောင်မြင်မှု မရပါဘူး။ ဒီတော့ ထောက်ပြစရာတွေ အများကြီးရှိတယ်။ အထူးသဖြင့် ဒီရာသီမှာပေါ့။ ဒါက ပုံမှန်ကိစ္စလို့ပဲ ထင်တယ်။ တခါတလေ သူတို့ သတင်းအချက်အလက် အလုံးစုံ မရကြဘူး။ သူတို့ ရှင်သန်ခဲ့တဲ့ ယူနိုက်တက် အမြဲတမ်းအနိုင်ရခဲ့တဲ့အသင်းပါ။ ဒီတော့ သူတို့အနေနဲ့ ကလပ်ကို ဒီပုံစံမျိုး မြင်ရတာ ခက်ခဲစေပါတယ်"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် အမိုရမ်က ကစားသမားဟောင်းများရဲ့ ဝေဖန်နေမှုများက အလုပ်လုပ်ဆောင်ရတာ ပိုမို ခက်ခဲလာစေခြင်း မရှိကြောင်းလည်း ဆိုသွားပါတယ်။
၎င်းက "မဖြစ်ပါဘူး။ အဓိကပြဿနာက အနိုင်မရတာပါ။ ကျွန်တော့်အတွက် ပြဿနာက အနိုင်မရတာပါ။ ကျွန်တော်လည်း ကောင်းကောင်း မလုပ်နိုင်ဘူး။ ဒါကပဲ အဓိကအချက်ပါ။ ပြီးတော့ ဒါကို ကျွန်တော် လက်ခံတယ်။ သူတို့အတွက် ပြဿနာကလည်း ယူနိုက်တက် အနိုင်မရတာ၊ ရှိရမယ့်နေရာမှာ မရှိတာပါ။ တကယ်လို့ အနိုင်ရနေရင် ဘာပြဿနာမှ ရှိနေမှာ မဟုတ်ဘူး"လို့ ဆိုသွားပါတယ်။

image