အမေရိကန်သံတမန်နဲ့ ဇီလန်စကီး၊ ဥရောပခေါင်းဆောင်တွေ ဘာလင်မှာတွေ့မယ်
ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အဆင့်မြင့်ဆွေးနွေးပွဲ နောက်ဆုံးအကျော့အတွက် ထရန့်ရဲ့ အထူးသံတမန်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီး၊ ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ယခုသီတင်းပတ်ကုန်မှာ ဂျာမနီကို သွားရောက်မှာ ဖြစ်ပါတယ်။
ယူကရိန်းနဲ့ ရုရှားအကြား ကြားဝင်စေ့စပ်ဖို့ အိမ်ဖြူတော်ရဲ့ ကြိုးပမ်းမှုတွေကို ဦးဆောင်နေသော အထူးသံတမန် စတိဗ်ဝစ်အော့ဖ်ဟာ အမေရိကန်ပြည်ထောင်စု အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ နောက်ဆုံးပြင်ဆင်မှုတွေကို ဘာလင်မှာ ဆွေးနွေးမှာဖြစ်ပါတယ်။
ထရန့်အစိုးရဟာ ခရစ္စမတ်မတိုင်မီ သဘောတူညီချက်တရပ် ထွက်ပေါ်လာစေဖို့ တွန်းအားပေးနေပြီး မကြာသေးမီရက်သတ္တပတ်တွေအတွင်း ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေ ဆွေးနွေးပွဲများစွာ ကျင်းပခဲ့ပေမယ့် အောင်မြင်မှုရရှိမယ့် လက္ခဏာအနည်းငယ်သာ ရှိနေခဲ့ပါတယ်။
ဥရောပခေါင်းဆောင်တွေကတော့ ဘာလင်ဆွေးနွေးပွဲသို့ တက်၊ မတက်ကို အတည်မပြုရသေးပါဘူး။ ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာ၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ဂျာမန်ဝန်ကြီးချုပ် ဖရိုက်ဒရစ် မာ့ဇ်တို့အားလုံးတက်ရာက်မယ်လို့ အစည်းအဝေးအကြောင်း ပထမဆုံးထုတ်ဖော်ရေးသားခဲ့တဲ့ Wall Street Journal က ဆိုပါတယ်။
ဒီအစည်းအဝေးဟာ ယူကရိန်းက အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ ပြင်ဆင်ထားတာတွေကို အမေရိကန်ကို ပေးအပ်ပြီးနောက် ရက်အနည်းငယ်အကြာမှာ ထွက်ပေါ်လာတာပါ။ ယူကရိန်းအရှေ့ပိုင်းရှိ နယ်မြေကံကြမ္မာဟာ ဆွေးနွေးပွဲမှာ အခက်ခဲဆုံးအကြောင်းအရာများထဲမှ တခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။
ယူကရိန်းကတော့ တရားမဝင်သိမ်းပိုက်ခံထားရတဲ့ နယ်မြေများကို ရုရှားလက်အပ်ဖို့ ငြင်းဆိုထားပြီး ရုရှားကလည်း ယူကရိန်းတပ်တွေ ရုပ်သိမ်းခြင်းမရှိရင် ဒွန်ဘတ်စ်ဒေသကို အင်အားသုံး သိမ်းပိုက်မယ်လို့ ဆိုထားပါတယ်။