မတ်ပဲ ၊စပါး နဲ့ ပဲတီစိမ်း စိုက်ခင်းတွေမှာ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေး အသုံးပြုခွင့် နှစ်နှစ်တားမြစ်
မတ်ပဲ ၊ စပါး နဲ့ ပဲတီစိမ်း စိုက်ခင်း တွေမှာ အဆိပ်ရှိ ပစ္စည်းနှစ်မျိုးဖြစ်တဲ့ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေးကို နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် ခုနှစ်ခုမှာ အသုံးပြုခွင့် နှစ်နှစ် တားမြစ် လိုက်တယ်လို့ သိရပါတယ် ။
စပါး၊ ပဲတီစိမ်း၊ မတ်ပဲ အများဆုံးစိုက်ပျိုးတဲ့ နေပြည်တော် ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ မန္တလေးတိုင်း ၊ ရန်ကုန် တိုင်း ၊ ရှမ်းပြည်နယ် နဲ့ ဧရာဝတီတိုင်းအတွင်း သုံးစွဲခွင့်မရှိကြောင်း တားမြစ်လိုက်တာ ဖြစ်ပါတယ်။
အဆိုပါ အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်တဲ့ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေးက ထိသေ ၊ စားသေ ပင်လုံးပြန့် ပိုးသတ်ဆေး ဖြစ်ပြီး မတ်ပဲ ၊ ပဲတီစိမ်း နဲ့ စပါး တွေမှာ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေ ကျန်ရှိနေတာကို စစ်ဆေး တွေ့ရှိနေရတာကြောင့် ဓာတ်ကြွင်း ကင်းစင်စေရေး အတွက် ဆေးအသုံးပြုခွင့်ကို ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့က တားမြစ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
" ပဲတီစိမ်းမှာ အဲဒီအဆိပ်ရှိ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေ တွေ့လို့ တရုတ်က ပြန်ပို့ခံရတာ မျိုးရှိထားတယ်။ နောက်ပိုင်း မတ်ပဲ နဲ့ စပါးမှာပါ ဓာတ်ကြွင်းတွေ တွေ့ရတော့ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့က သုံးစွဲခွင့် ယာယီ ပိတ်လိုက်တာပေါ့ ။ တကယ်ဆိုရင် တနိုင်ငံလုံး သုံးစွဲခွင့် ပိတ်တာမျိုး လုပ်သင့်တာပါ ။ နေရာကွက်ပြီး သုံးစွဲခွင့် ပိတ်တာကျ သူတို့ဘယ်လို တွေးပြီး လုပ်လဲ မပြောတတ်ဘူး ။ စစ်ကိုင်းတိုင်း ဆိုလည်း ရွှေဘိုဆန် အဓိကစိုက်တဲ့ ဒေသပဲလေ ။ အဲဒီဘက် စပါးတွေမှာက ဓာတ်ကြွင်း မတွေ့ရလို့လည်း ဖြစ်နိုင်ပါတယ်။ " လို့ စပါးကုန်သည် တယောက်က ပြောပါတယ် ။
ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးပတ်က တရုတ်ကို တင်ပို့ခဲ့တဲ့ ပဲတီစိမ်းတန်ချိန် ၁၀၀၀၀ ကျော်မှာ အဆိပ်ရှိ Clothianidin ပိုးသတ်ဆေး ဓာတ်ကြွင်းကျန်က သတ်မှတ်ချက်စံနှုန်း ထက်ကျော်လွန်များပြားကြောင်းကို စစ်ဆေးတွေ့ရှိ ခဲ့ရတဲ့အတွက် တရုတ် ရဲ့ အစားအစာ လုံခြုံရေးစံနူန်း သတ်မှတ်ချက်နဲ့ မကိုက်ညီတာကြောင့် ပဲတီစိမ်းတွေ ပြန်ပို့ခံခဲ့ ရတဲ့ ဖြစ်စဥ် ရှိခဲ့ပါတယ် ။
အလားတူ ဥရောပ နိုင်ငံတွေကို တင်ပို့တဲ့ ပေါင်းဆန်တွေမှာလည်း Thiamethoxam ပိုးသတ်ဆေး ဓာတ်ကြွင်း အကျန်တွေ တွေ့ရှိမှု ရှိနေတယ်လို့ သိရပါတယ်။
မတ်ပဲ ၊ စပါး နဲ့ ပဲတီစိမ်း စိုက်ခင်းတွေမှာ Thiamethoxam နဲ့ Clothianidin ပိုးသတ်ဆေး သုံးစွဲခွင့်ကိုတော့ အခု ဒီဇင်ဘာ ၉ ရက်က စပြီး ၂၀၂၇ ခုနှစ် ဒီဇင်ဘာလ အထိ အသုံးပြုခွင့် ပိတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
အသုံးပြုခွင့် ပိတ်ထားတဲ့ ကာလအတွင်း ရောင်းချခြင်း ၊ ဖြန့်ဖြူးခြင်းကို စစ်ဆေးတွေ့ ရှိပါက ပိုးသတ်ဆေး ဥပဒေအရ အရေးယူသွား မှာဖြစ်တယ်လို့ သိရပါတယ် ။
တောင်သူ တွေအနေနဲ့ ပိုးသတ်ဆေး ကိုအသုံးပြုတဲ့အခါ ပိုးသတ်ဆေး တမျိုးတည်းကို ထပ်ခါထပ်ခါ သုံးစွဲခြင်း ၊ လိုအပ်တဲ့ ပမာဏထက်ပိုပြီး သုံးစွဲခြင်း ၊ ရက်လွန် ပိုးသတ်ဆေး သုံးစွဲခြင်း ၊ သီးနှံမရိတ်သိမ်းမီ ၄၅ ရက်အတွင်း ပက်ဖျန်းခြင်း မပြုလုပ်ဖို့ လိုအပ်ကြောင်း စိုက်ပျိုးရေး ဆေးကုမ္ပဏီတွေက အသိပေးမှု ရှိလာတာ တွေ့ရ ပါတယ်။
ဒီကိစ္စ နဲ့ပတ်သက်ပြီး တောင်သူ တယောက်က
" ဆေး အညွှန်းအတိုင်းတော့ သုံးကြတာပဲ ။ တခါခါကြ ပိုးကမသေတဲ့ အခါဆို ဆေးကိုပိုသုံးမိတာ တော့အမှန်ပဲ ။မငြင်းပါဘူး ။ တောင်သူကလည်း အစွဲကြီးကြတယ် ။ ဒီပိုးသတ်ဆေးက ကောင်းတယ်ဆိုရင် အဲဒီဆေးပဲ ထပ်သုံးကြတာ ။ နောက်ဆေးသစ်ကို စမ်းမသုံးရဲကြဘူး ။ ခုလို ပိုးသတ်ဆေး ဓာတ်ကြွင်းတွေ့တယ် ဆိုတော့ ကျွန်တော်တို့လည်း ချင့်ချိန် သုံးရတော့မှာပေါ့ ။ ဆေးကုမ္ပဏီတွေကို လည်းမေးချင်တယ် ။ သူတို့ပြောသလို သုံးလို့ ပိုးမသေရင် တာဝန်ယူမှာလား ။ စျေးသာ တနှစ်တခါ တက်တာ ဘာတာဝန်ယူမှုမှ မရှိဘူး ။ " လို့ ပြောပါတယ် ။
လက်ရှိ စိုက်ပျိုးဆေး စျေးကွက်မှာ ပိုးသတ်ဆေး တလီတာကို အနိမ့်ဆုံး ၇၀၀၀၀ ကျပ် အထက်မှာ ရှိနေ တယ်လို့ သိရပါတယ် ။
မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် မေ ၂၉ ရက်အထိ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ကနေ တရားဝင် ခွင့်ပြုပေးထားတဲ့ ပိုးသတ်ဆေး ၄၄၉၅ မျိုး ရှိထားတယ်လို့ သိရပါတယ် ။