ကိုယ်ရေးကိုယ်တာပြဿနာကြောင့် မန်စီးတီးတာဝန်များကို ဂွါဒီယိုလာ ပျက်ကွက်လာ
====================
ပက်ဂွါဒီယိုလာဟာ ကိုယ်ရေးကိုယ်တာပြဿနာများကြောင့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာနိုင်ခြင်း မရှိပါဘူး။
ဒါပေမယ့် သူဟာ တနင်္ဂနွေနေ့ည Selhurst Park တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ရင်ဆိုင်ရမယ့်ပွဲအတွက် အသင်းရဲ့ ပြင်ဆင်မှုများတော့ ပျက်ကွက်လာခြင်း မရှိသလို ယင်းပွဲကိုလည်း ကိုယ်တိုင်ပင် ကြီးကြပ်လာပါမယ်။
ဂွါဒီယိုလာ သတင်းစာရှင်းလင်းပွဲသို့ မတက်ရောက်နိုင်မှုနှင့်အတူ လက်ထောက်နည်းပြကိုလိုတိုရေးက တက်ရောက်လာပါမယ်။
အသက် ၄၄ နှစ်ရှိ အာဆင်နယ်နှင့် မန်စီးတီးနောက်ခံလူဟောင်းဟာ နွေရာသီတွင် မန်စီးတီးပထမအသင်းနည်းပြအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံရပြီးနောက် မီဒီယာများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံလာမှာလည်း ဖြစ်ပါတယ်။
ဂွါဒီယိုလာဦးဆောင်တဲ့ မန်စီးတီးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲတွင် ၄ ပွဲအနိုင်ရထားပြီး ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၂ မှတ်အကွာတွင် ရပ်တည်နေပါတယ်။
ကိုလိုတိုရေးဟာ အာဆင်နယ်တွင် ကစားသမားအဖြစ် ၃၂၆ ပွဲကစားခဲ့ကာ ၂၀၀၃-၀၄ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၀၉ ခုနှစ်တွင် မန်စီးတီးသို့ ပြောင်းလာပြီးနောက် ၂၀၁၁-၁၂ ပရီးမီးယားလိဂ်ဖလားလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၇ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် အိုင်ဗရီကို့စ်လူငယ်အသင်းများတွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သလို လက်စတာတွင် ဘရန်ဒန်ရော်ဂျာရဲ့ လက်ထောက်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူဟာ ဝီဂန်အသင်းကို ယာယီနည်းပြအဖြစ် ၉ ပွဲကိုင်တွယ်ခဲ့ပေမယ့်လည်း နိုင်ပွဲတစ်ပွဲမျှ ရရှိခဲ့ခြင်း မရှိပါဘူး၊
သူဟာ ၂၀၂၄ ခုနှစ်တွင် မန်စီးတီးသို့ ပြန်ရောက်လာပြီး ယူ-၁၈ အသင်းတွင် အိုလီဗာရိုက်စ်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သူဟာ ယခုနွေမှာတော့ ပေါ်တူဂီကလပ် ဘရာဂါအား ကိုင်တွယ်ရန် ထွက်ခွာသွားတဲ့ လက်ထောက်နည်းပြကားလို့စ်ဗင့်စ်နေရာမှာ ရာထူးတိုး ခန့်အပ်ခြင်းခံခဲ့ရပါတယ်။