ဗီဇာကင်းလွတ်ခွင့်ရခရီးသွားများ ဆိုရှယ်မီဒီယာမှတ်တမ်းဖော်ပြရမည်
ဗီဇာကင်းလွတ်ခွင့်ရသော နိုင်ငံခြားခရီးသွားများအနေဖြင့် နိုင်ငံအတွင်းသို့ မဝင်ရောက်မီတွင် အနည်းဆုံးလွန်ခဲ့သော ငါးနှစ်ခန့်မှ ၎င်းတို့၏ ဆိုရှယ်မီဒီယာမှတ်တမ်းရာဇဝင်များကို ဖော်ပြပေးရမည့် အမိန့်ကိုထုတ်ပြန်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရအဖွဲ့က စီစဉ်နေသည်ဟု အစိုးရ နို့တစ်တစ်ခုအရ သိရသည်။
အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော ပြည်ထောင်စုမှတ်ပုံတင်တွင် ဖော်ပြထားသည့် အဆိုပြုချက်သည် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်သော ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ခရီးသွားများနှင့် အကျူံးဝင်မည်ဖြစ်သည်။
လက်ရှိတွင် အဆိုပါခရီးသွားများအနေဖြင့် Electronic System for Travel Authorization (ESTA) ဟုသိကြသော ကင်းလွတ်ခွင့်အတွက် လျှောက်ထားရန် ကိုယ်ရေးအချက်အလက်များ ကိုပေးအပ်ရန် လိုနေသေးသည်။
ယခုအဆိုပြုထားသော စည်းမျဉ်းသစ်များအရ ဆိုရှယ်မီဒီယာဒေတာများကိုပေးအပ်ခြင်းသည် ESTA လျှောက်ထားသူများက မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စတစ်ရပ်ဖြစ်လာသည်။
လျှောက်ထားသူများသည် အနည်းဆုံးလွန်ခဲ့သောငါးနှစ်ခန့်က ၎င်းတို့၏ ဆိုရှယ်မီဒီယာမှတ်တမ်းရာဇဝင်များကို ပေးအပ်ရန်လိုအပ်မည်ဖြစ်သည်။
၎င်းတို့အနေဖြင့် လွန်ခဲ့သောငါးနှစ်ခန့်က ဖုန်းနံပါတ်များ၊ လွန်ခဲ့သော ဆယ်စုနှစ်မှ အီးမေးလ်လိပ်စာများ၊ မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များနှင့် ဘိုင်အိုမက်ထရစ် သတင်းအချက်အလက်များ အပါအဝင် အခြားအရေးကြီးဒေတာမှတ်တမ်းများကိုလည်း တင်ပြရမည်ဖြစ်သည်။
လူထုသည် ထိုအဆိုပြုချက်ကို တုန့်ပြန်ရန် ရက်ပေါင်း ၆၀ အချိန်ရမည်ဖြစ်သည်။
ထရမ့်ပ်အစိုးရသည် ရွှေ့ပြောင်းနေထိုင်သူများကို နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကသို့ ပြည်ဝင်ခွင့်များကို ပိုမိုတင်းကြပ်စွာ ထိန်းချုပ်လျက်ရှိသည်။