ကမ္ဘာ့ဖလားဗိုလ်လုပွဲလက်မှတ်အား ဒေါ်လာ ၅၀၀၀ အထိ သတ်မှတ်လာမှုကြောင့် ဖီဖာ အပြင်းအထန် ဝေဖန်ခြင်းခံနေရ
======================

တစ်ကမ္ဘာလုံးဘောလုံးပရိသတ်များဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် လက်မှတ်အား ဒေါ်လာ ၅၀၀၀ အထိ သတ်မှတ်လာမှုနှင့်အတူ ဖီဖာအား အပြင်းအထန် ဝေဖန်နေကြပါတယ်။
ဖီဖာဟာ နယူးယောက်ရှိ MetLife Stadium တွင် ကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲလက်မှတ်အား အဆင့် ၃ ဆင့်ခွဲကာ ရောင်းချလာပါမယ်။
ဖီဖာဟာ ပထမတန်းလက်မှတ်အား ဒေါ်လာ ၄၁၈၅ ဖြင့်လည်းကောင်း၊ ဒုတိယတန်းလက်မှတ်အား ဒေါ်လာ ၅၅၆၀ ဖြင့်လည်းကောင်း၊ တတိယတန်းလက်မှတ်အား ဒေါ်လာ ၈၈၆၀ ဖြင့်လည်းကောင်း သတ်မှတ်ထားပါတယ်။
ဖီဖာဟာ ကာတာတွင် ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက တန်ဖိုးအနည်းဆုံးလက်မှတ်အား ဒေါ်လာ ၅၀၀ ဝန်းကျင်သာ သတ်မှတ်လာရာ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲလက်မှတ်အား ၇ ဆအထိ တိုးမြှင့်သတ်မှတ်လာတာလည်း ဖြစ်ပါတယ်။
ဖီဖာဟာ ကလေးသူငယ်နှင့် မသန်စွမ်းတို့အတွက် လက်မှတ်ဈေးနှုန်းကို ထုတ်ပြန်ထားခြင်းတော့ မရှိသေးပါဘး။
ယင်းသို့ ဖီဖာက ကမ္ဘာ့ဖလားဗိုလ်လုပွဲလက်မှတ်ဈေးနှုန်းအား အဆမတန် သတ်မှတ်လာမှုက ပရိသတ်များကို ပါးရိုက်သလို ဖြစ်နေကြောင်း The Football Supporters' Association's England Fans' Embassy က အပြင်းအထန် ဝေဖန်ထားပါတယ်။
တဖက်တွင် ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စု၊ ရှုံးထွက်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်တို့အတွက် လက်မှတ်ဈေးနှုန်းကိုလည်း တိုးမြှင့်သတ်မှတ်ထားပါသေးတယ်။
တကယ်လို့များ ပရိသတ်တစ်ဦးအနေဖြင့် ဗိုလ်လုပွဲအထိ ၈ ပွဲကြည့်မည်ဆိုပါက လက်မှတ်ဖိုးသက်သက် အနည်းဆုံး ပေါင် ၅၂၂၅ (ဒေါ်လာ ၆၉၉၇)၊ အလယ်တန်းမှ ကြည့်လျှင် ပေါင် ၈၅၈၀ (ဒေါ်လာ ၁၁၄၉၀)၊ အဆင့်မြင့်တန်းမှ ကြည့်လျှင် ပေါင် ၁၂၃၅၇ (ဒေါ်လာ ၁၆၅၄၈)အထိ သုံးစွဲရပါမယ်။
ပရိသတ်များဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဗိုလ်လုပွဲအထိ ၇ ပွဲအတွက် လက်မှတ်ဖိုး ပေါင် ၁၄၆၆၊ ပေါင် ၂၆၄၅ (သို့မဟုတ်) ပေါင် ၃၉၁၄ တို့သာ သုံးစွဲခဲ့ရပါတယ်။
လက်ရှိအချိန်တွင် ဖီဖာဘက်က ကမ္ဘာ့ဖလားလက်မှတ်ဈေးနှုန်း အလွန်မြှင့်တင်ရောင်းချလာမှုနှင့်ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြု ပြောကြားထားခြင်း မရှိပါဘူး။

image