ပင်လယ်ဓားပြမှုကို အမေရိကန်ကျူးလွန်နေဟု ဗင်နီဇွဲလား စွပ်စွဲ
---------------------------
ဗင်နီဇွဲလား ရေနံတင်သင်္ဘောတစ်စင်းကို ပင်လယ်ပြင်မှာ စီးနင်းသိမ်းယူခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့ လုပ်ရပ်ဟာ ပင်လယ်ဓားပြမှုတစ်ခုဖြစ်တယ်လို့ ဗင်နီဇွဲလား အစိုးရက စွပ်စွဲပြောကြားလိုက်တာကို Reuters သတင်းမှာ ဖော်ပြ ထားပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နက ဗင်နီဇွဲလား ကမ်းလွန်ရေပြင်မှာ ခုတ်မောင်းနေတဲ့ ရေနံတင်သင်္ဘော တစ်စင်းပေါ်ကို အမေရိကန်စစ်တပ် ကွန်မန်ဒိုတွေက ဆင်းသက်ပြီး စီးနင်းထိန်းချုပ်ခဲ့တာပါ။
အမေရိကန် ရှေ့နေချုပ် ပမ်ဘွန်ဒီက လက်နက်ကိုင် ကွန်မန်ဒိုတွေဟာ ရဟတ်ယာဉ်တစ်စင်းပေါ်ကနေ အဲဒီရေ ယာဉ်ဆီ ဆင်းသက်ပြီး စီးနင်းထိန်းချုပ်လိုက်တာလို့ လူမှုကွန်ရက် မီဒီယာ X မှာ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် စစ်သားတွေက သေနတ်တွေကို အသင့်အနေအထား ကိုင်ဆောင်ပြီး သင်္ဘောကုန်းပတ်ပေါ်မှာ လှုပ်ရှားနေပုံ ဗီဒီယို တစ်ခုကိုပါ ပမ်ဘွန်ဒီက မျှဝေထားခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးကို ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို(FBI)၊ ပြည်တွင်းလုံခြုံရေး စုံစမ်းစစ်ဆေးမှုဌာနနဲ့ ကမ်းခြေ စောင့်တပ်တွေကလည်း ပူးပေါင်းကူညီပေးခဲ့တယ်လို့ ပြောပါတယ်။ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဗင်နီဇွဲလားနဲ့ အီရန်ဆီက ရေနံတွေကို သယ်ယူပို့ဆောင် ပေးနေတဲ့ ရေနံတင်သင်္ဘောကို ဖမ်းဆီး အရေးယူဖို့ ဖြစ်တယ်လို့လည်း ပမ်ဘွန်ဒီက စွပ်စွဲပြောဆိုခဲ့ပါတယ်။