တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပ

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရေး ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်းနှင့် ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရန်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် မဖြစ်မနေလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ​ပြောကြား
တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့( ဒီဇင်ဘာ ၁၀ ရက်)နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့​ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
အခမ်းးအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးစွာ ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူကာ ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးပြီးနောက် ဗိုလ်လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခဲ့သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၆)မှ ထူးချွန်ဆုရဗိုလ်​လောင်းသုံးဦးကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်းတွင် ထည့်သွင်း​ပြောကြားရာ၌ မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရာတွင် အခြားနိုင်ငံများ၏ပုံစံကို ပုံတူကူးပြီး ကျင့်သုံးခြင်းမျိုးမဟုတ်ဘဲ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၎င်း၏အနှစ်သာရဖြစ်သည့် အများဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ရှိသော်လည်း လူနည်းစု၏ဆန္ဒကိုလည်း အလေးထားရန်လိုအပ်ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခံစားခြင်းဖြစ်ပြီး ၎င်း၏ အနှစ်သာရမှာ ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုတို့ပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရန်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် မဖြစ်မနေလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ခြင်းကြောင့် ပြည်သူလူထုအများစုလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပေးမည်ဖြစ်ကြောင်း ​ပြောကြားသည်။
ယခုပြုလုပ်ပေးမည့်ရွေးကောက်ပွဲသည် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများနှင့် မတူသည့်အချက်သုံးချက်ရှိကြောင်း၊ ပထမအချက်မှာ ရွေးကောက်ပွဲစနစ်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် အနိုင်ရသူအကုန်ယူ (First Past The Post-FPTP)စနစ်အပြင် FPTP နှင့် PR စနစ် ပေါင်းစပ်ရောနှောထားသည့်ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional-MMP) စနစ်ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယတစ်ချက်မှာ မဲပေးတဲ့စနစ်ဖြစ်ပြီး ကြိုတင်မဲများကလွဲပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့မဲရုံများ၌ မဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine-MEVM)များနှင့် ခလုတ်နှိပ်ပေးရမည်ဖြစ်ကြောင်း၊ တတိယအချက်မှာ ရွေးကောက်ပွဲကျင်းပသည့်ပုံစံဖြစ်ပြီး ရွေးကောက်ပွဲကို လုံခြုံရေးနှင့်စီမံခန့်ခွဲမှုအပေါ်မူတည်ပြီး အပိုင်းလိုက်ကျင်းပပေးမည်ဖြစ်ကြောင်း ​တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်က ​ပြောကြားသည်။
ထို့ကြောင့် မိမိတို့တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ဒေသအသီးသီးကို ရောက်ရှိချိန်တွင်လည်း လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစဉ်များနှင့် ပြည်သူတစ်ရပ်လုံးပါဝင်ပြီး မဲပေးခွင့်ရှိသူအားလုံးမဲပေးနိုင်ရေး ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အလေးအနက်ထားမှာကြားလိုကြောင်း တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်က ​ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာပြီး
စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိသည့် ဗိုလ်လောင်းများနှင့် မိဘများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့​ကြောင်း သိရသည်။
ထို့အတူ တပ်မတော်ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ ယ​နေ့(ဒီဇင်ဘာ ၁၀ ရက်) ည​နေပိုင်းတွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။

image