ဒီဇင်ဘာလ ဒုတိယ (၁၀) ရက်ပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်

ဒီဇင်ဘာလ ဒုတိယ (၁၀) ရက်ပတ် (၁၁ ရက်နေ့မှ ၂၀ ရက်အတွင်း) အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင်ရှိနေပြီး နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်လ်များ ခန့်မှန်းချက်အရ ယခုကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများတို-က်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် ဒေသအချို့တွင် ညအပူချိန်များ လျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့် ရာသီဥတုဖြစ်စဉ်များဖြစ်ပွားတတ်ကြောင်း သိရသည်။
ထို့ကြောင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကုန်ခါနီးက မြန်မာနိုင်ငံမှ ဒေသအများအပြားတွင် ညအပူချိန်များ ကျဆင်းခဲ့ပြီး ဒီဇင်ဘာလ ပထမ (၁၀) ရက်ပတ်တွင် ညအပူချိန်များအနည်းငယ်ပြန်တက်လာခဲ့ကာ ဒီဇင်ဘာလ ဒုတိယပတ် အစပိုင်းမှစ၍ ညအပူချိန်များ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။

image