ဒေါ်လာ တသန်းပေးရင် အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရလာမယ့် Trump Gold Card အစီအစဉ် စတင်

သမ္မတဒေါ်နယ်ထရန့်ဟာ အနည်းဆုံး ဒေါ်လာ တသန်း ပေးချေနိုင်တဲ့ ချမ်းသာတဲ့နိုင်ငံခြားသားတွေအတွက် အမေရိကန်ဗီဇာ အမြန်ပေးအပ်မယ့် Gold Card အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။
ဒီကတ် ဝယ်ယူသူတွေကို အရည်အချင်းပြည့်မီပြီး စိစစ်ပြီးသူအားလုံးအတွက် နိုင်ငံသားဖြစ်ခွင့်ကို တိုက်ရိုက်လမ်းကြောင်းတခု ပေးအပ်မှာဖြစ်ပြီး အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းတယ်လို့ ထရန့်က ဆိုပါတယ်။
ယခုနှစ်အစောပိုင်းမှာ ပထမဆုံးကြေငြာခဲ့သော Trump Gold Card အစီအစဉ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်အရ ဒီအစီအစဉ်ဟာ နိုင်ငံအတွက် သိသာထင်ရှားသော အကျိုးကျေးဇူး ပေးစွမ်းနိုင်ကြောင်း သက်သေပြနိုင်သူတွေအတွက် ချီးမြှင့်တဲ့ အမေရိကန်ဗီဇာတခုဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အလုပ်ဗီဇာကြေးတွေ မြှင့်တင်တာနဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်တာအပါအဝင် လူဝင်မှုကြီးကြပ်ရေးနှိမ်နင်းမှုကို ပိုမိုပြင်းထန်လာချိန်မှာ Trump Gold Card ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဝန်ထမ်းတွေကို စပွန်ဆာပေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အပိုကြေးတွေနဲ့အတူ ဒေါ်လာ နှစ်သန်း ပေးဆောင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။ အထူးအခွန်လျှော့ပေါ့ပေးတဲ့ ပလက်တီနမ် ကတ်ဗားရှင်းကိုလည်း ဒေါ်လာ ငါးသန်းနဲ့ မကြာမီရရှိနိုင်မယ်လို့ Trump Gold Card ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
လျှောက်ထားသူတယောက်ချင်းစီရဲ့ အခြေအနေပေါ် မူတည်ပြီး အစိုးရအတွက် အပိုကြေးတွေ ကောက်ခံနိုင်ကြောင်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ လျှောက်လွှာကို ပြန်လည်သုံးသပ်ခြင်းမပြုမီ လျှောက်ထားသူတွေအနေနဲ့ ပြန်အမ်းမှာမဟုတ်တဲ့ ဒေါ်လာ တသောင်းခွဲ လုပ်ငန်းစဉ်ကြေးကိုလည်း ပေးဆေင်္ပဖို့ လိုအပ်ပါတယ်။
Gold Card အစီအစဉ်ကို ဖေဖော်ဝါရီလမှာ ပထမဆုံးကြေညာချိန်မှစပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကာ ဒီမိုကရက်အချို့ကတော့ ဒါဟာ ချမ်းသာသူတွေကို မတရားသဖြင့် မျက်နှာသာပေးတဲ့ အစီအစဉ်လို့ ဆိုပါတယ်။
ဒီဗီဇာတွေဟာ ဝင်ငွေအဆင့်အမျိုးမျိုးရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်မှာ အမြဲတမ်းနေထိုင်လုပ်ကိုင်ခွင့်ပြုတဲ့ ဂရင်းကတ်တွေနဲ့ ဆင်တူကြောင်း ထရန့်က အစီအစဉ်ကို ပထမဆုံးထုတ်ဖော်ကြေညာချိန်မှာ ပြောပါတယ်။ ဂရင်းကတ်ကိုင်ဆောင်သူတွေဟာ ငါးနှစ်အကြာမှာ နိုင်ငံသားဖြစ်ခွင့် ရရှိလေ့ရှိပါတယ်။
ဒါပေမယ့် Gold Card ကတော့ အဆင့်မြင့် ပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အထူးရည်ရွယ်တယ်လို့ ထရန့်က ပြောဆိုထားပြီး နိုင်ငံအတွက် ထုတ်လုပ်နိုင်စွမ်းရှိသူတွေကို လိုချင်တယ်လို့ အလေးပေးပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ သမ္မတရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုအောက်မှာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက အများစုအပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ခိုလှုံခွင့်လျှောက်ထားမှုတွေကို ရပ်ဆိုင်းထားပါတယ်။
စက်တင်ဘာလမှာတော့ ထရန့်ဟာ ကျွမ်းကျင်တဲ့ နိုင်ငံခြားလုပ်သားတွေအတွက် H-1B ဗီဇာအစီအစဉ် လျှောက်ထားသူတွေကို ဒေါ်လာ တသိန်း ကောက်ခံဖို့ အမိန့်တရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန်ရှိ ပြည်ပကျောင်းသားတွေနဲ့ နည်းပညာကုမ္ပဏီတွေကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီကောက်ခံမှုဟာ လက်ရှိမှာ ပြည်ပမှာပဲ ရှိနေတဲ့ လျှောက်ထားသူအသစ်တွေ အတွက်သာ အကျုံးဝင်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

image