1 ပတ် - ဘာသာပြန်ပါ။

ဆော်ဒီကုလားအုတ်ပြိုင်ပွဲအသင်းတွင် ပေါလ်ပေါ့ဘာ ရင်းနှီးမြှပ်နှံလာ
===================

ပေါလ်ပေါ့ဘာဟာ ဆော်ဒီအခြေစိုက် Al Haboob အသင်းတွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်ကာ ကုလားအုတ်အားကစားပြိုင်ပွဲတွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာပါတယ်။
မိုနာကိုအလယ်တန်းကစားသမားဟာ Al Haboob အသင်းတွင် ရှယ်ယာရှင် ဖြစ်လာသလို သံတမန်တစ်ဦးလည်း ဖြစ်ပါတယ်။ Al Haboob က ယူအေအီးနှင့် အရှေ့အလယ်ပိုင်းပင်လယ်ကွေ့ဒေသရဲ့ ပထမဆုံးကုလားအုတ်ပြိုင်ပွဲအသင်းလည်း ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိ ပေါ့ဘာက "YouTube ကနေ ပထမဆုံး ကုလားအုတ်ပြိုင်ပွဲကနေ ကြည့်ဖူးတာပါ။ ဒီပြိုင်ပွဲရဲ့ ဗျူဟာ၊ နည်းစနစ်တွေနဲ့ပတ်သက်ပြီး အချိန်ပေးပြီး လေ့လာစူးစမ်းခဲ့ပါတယ်။ ကျွန်တော့်အတွက် ထူးခြားတာကတော့ ပါဝင်ပတ်သက်သူတွေအားလုံး ဘယ်လောက် ကြိုးစားအားထုတ်မှု ရှိလဲဆိုတာက အဖြေတစ်ခု ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ အားကစားက အားကစားပါပဲ။ နှလုံးသား၊ မြှပ်နှံထားမှု၊ အသင်းလိုက် လုပ်ဆောင်မှုက အရေးအကြီးဆုံးပါ"လို့ ပြောကြားသွားပါတယ်။
ကုလားအုတ်ပြိုင်ပွဲက ရိုးရာအားကစားနည်းတစ်မျိုး ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် နာမည်ကြီးအားကစားနည်းတစ်မျိုးလည်း ဖြစ်ပါတယ်။
ဆက်လက်ပြီး ပြင်သစ်လက်ရွေးစင်ပေါ့ဘာက "လူတွေက ဒီအားကစားနည်းကို သတိထားမိချင်မှ ထားမိလိမ့်မယ်။ ဒါပေမယ့် အားကစားဆိုတာ တစ်နည်းနည်းနဲ့ ဆက်နွယ်မှု ရှိကြပါတယ်။ ဘောလုံး၊ ကုလားအုတ်ပြိုင်ပွဲ၊ လက်ဝှေ့ ဘာပဲဖြစ်ဖြစ် အခြေခံ အုတ်မြစ်က အတူတူပါ။ ဆုံးဖြတ်ချက် ပြတ်သားဖို့၊ အာရုံစိုက်ဖို့၊ စည်းကမ်းလိုက်နာဖို့၊ စိတ်ဓာတ်မာကျောဖို့ လိုအပ်ပါတယ်။ ဒါတွေကပဲ နောက်ဆုံးမှာ ချန်ပီယံဖြစ်စေပါတယ်"လို့ ပြောကြားသွားပါတယ်။
ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်တုန်းက ဂျူဗင်တပ်မှ အသင်းဟောင်းယူနိုက်တက်သို့ ပေါင် ၈၉ သန်းဖြင့် ပြောင်းလာပြီးနောက် ထိုစဉ်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဖြစ်ခဲ့သူ ဖြစ်ပါတယ်။
ဆက်လက်ပြီး ၎င်းက "ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားဖြစ်ခဲ့လို့ ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်လာဖို့ အလုပ်အများကြီး ကြိုးစားခဲ့ရတယ်။ ဖိအားတွေ၊ တာဝန်ယူမှုတွေလည်း ရှိလာပါတယ်။ တစ်နေ့မှာ ကမ္ဘာ့တန်ဖိုးအရှိဆုံးကုလားအုတ်အသင်းကို ပိုင်ဆိုင်လာရင်တော့ အလှဆုံးဖြစ်လာမှာပေါ့။ တစ်နေ့ ဖြစ်လာအောင် လုပ်လာနိုင်မှာပါ"လို့ ဆိုသွားပါတယ်။
Al Haboob ကို စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြတဲ့ အိုမာအယ်မီးနာနှင့် ဆပ်ဖ်ဝန်မိုဒါတို့က တည်ထောင်ခဲ့ကြတာ ဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲဝင်ရန် ရည်မှန်းချက်ဖြင့် တည်ထောင်တဲ့ ပထမဆုံးကုလားအုတ်ပြိုင်ပွဲအသင်းလည်း ဖြစ်ပါတယ်။
ပေါလ်ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် တစ်နှစ်ကျော်ကြာ ပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၂၂ ရက်နေ့တုန်းက ရန်းနက်စ်အား ၄-၁ ဖြင့် ရှုံးနိမ့်တဲ့ ပွဲနှောင်းပိုင်းတွင် လူစားဝင်ရောက်ကစားကာ ဘောလုံးကွင်းသို့ ပြန်လည်ခြေချနိုင်ခဲ့ပါတယ်။

image