လီဗာပူးအသင်းတွင် ဆာလက် ပြန်ပါဝင်လာရေး တံခါးဖွင့်ပေးလာတဲ့ အန်းဆလော့
==================
အန်းဆလော့က မိုဟာမက်ဆာလက်အနေဖြင့် လီဗာပူးအသင်းတွင် ပြန်လည်ပါဝင်လိုပါက ဘယ်လို လုပ်ဆောင်လာရမလဲဆိုတာ ဖွင့်ဟလာပါတယ်။
ဆာလက်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက လိဒ်နှင့် သုံးဂိုးစီသရေကျတဲ့ပွဲတွင် ၃ ပွဲဆက် အရန်ခုံတွင် ထိုင်နေခဲ့ရပြီးနောက် ကလပ်နှင့် အန်းဆလော့အား ဝေဖန် ပြောဆိုမှု ပြုလုပ်ခဲ့ပြီးနောက် အင်္ဂါနေ့ညတုန်းက အင်တာမီလန်ကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲလူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
လီဗာပူးဟာ မိုဟာမက်ဆာလက် မပါဝင်ပေမယ့်လည်း ဆိုဘိုဆလိုင်းရဲ့ နောက်ကျ ပင်နယ်တီဂိုးဖြင့် ဆန်စီရိုတွင် အရေးပါတဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
ယခုအခါ တစ်ကမ္ဘာလုံးမှ ဘောလုံးပရိသတ်များဟာ လာမယ့် စနေနေ့ ဘရိုက်တန်နှင့်ပွဲစဉ်တွင် ဆာလက် ပြန်လည် ပါဝင်လာမလား စောင့်ကြည့်နေကြပြီလည်း ဖြစ်ပါတယ်။
ယခုအခါ ဆလော့က ဆာလက်အနေဖြင့် လီဗာပူးအသင်းတွင် ပြန်လည်ပါဝင်လာရေးအတွက် ပထမဆုံးအနေဖြင့် လုပ်ဆောင်မှုအချို့ (သို့မဟုတ်) တောင်းပန်မှု ပြုလုပ်ရမယ်လို့ အရိပ်အမြွက်ပြောကြားလာပါတယ်။
ဆလော့က "ဘဝမှာ လူတိုင်း အမှားလုပ်မိကြတာပါ။ ဒီတော့ ပထမဆုံးလုပ်ရမယ့်အရာကတော့ ကစားသမားဘက်က သူ့လုပ်တာ မှားလားဆိုတာ တွေးဖို့ပါ။ ပြီးရင် နောက်ထပ် မေးခွန်းက ဒါကို သူ့ဆီက စလုပ်မလား ကျုပ်ဆီက စလုပ်မလားဆိုတာပါ။ ဒါက နောက်ထပ် ဖြေရမယ့် မေးခွန်းတစ်ခုပါ"လို့ ဆီးဒေါ့ဖ်နှင့် အင်တာဗျူးတွင် ပြောကြားသွားပါတယ်။
ဆာလက်ဟာ လာမယ့် စနေနေ့ ဘရိုက်တန်နှင့်ပွဲအပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လီဗာပူးမှ ထွက်ခွာကာ အာဖရိကဖလားပြိုင်ပွဲအတွက် အီဂျစ်အသင်းနှင့် ပူးပေါင်းလာပါမယ်။
ဒါ့အပြင် လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်ကလည်း ဆာလက်အနေဖြင့် ပထမဆုံးအနေဖြင့် တောင်းပန်သင့်ကြောင်း ပြောဆိုသွားပါတယ်။
ဗန်ဒိုက်က "သူနဲ့ စကားပြောသွားပါမယ်။ ဒါပေမယ့် ကျွန်တော်က ပထမဆုံးစပြောတဲ့သူ ဖြစ်သင့်လား။ ကျွန်တော်ကလည်း တောင်းပန်ရမယ့် သူတစ်ဦးဦးကို စပြီးတော့ စကားပြောတဲ့သူ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရက်တွေမှာ သူ့ခံစားချက်ကို ဖွင့်ဟခဲ့တယ်။ ဒီကို ကလပ်က ကိုင်တွယ်ဖြေရှင်းရမယ်။ ကျွန်တော့်ဘက်ကလည်း ရှင်းပါတယ်။ မိုက ချက်ချင်း အာဖရိကသွားရတော့မယ်။ သူ့ကိ သိလာတာ ကြာပါပြီ။ ကျွန်တော်တို့က သူငယ်ချင်းကောင်းတွေလည်း ဖြစ်ကြတယ်။ အနိမ့်အမြင့် အတက်အကျ အတူ ဖြတ်သန်းခဲ့ကြတယ်။ ကျွန်တော်တို့ စကားပြောကြတယ်။ အဲဒီလို တချို့အရာတွေက အတွင်းစည်းထဲမှာဘဲ ရှိနေသင့်တယ်။ ကျွန်တော်တို့ တစ်ဦးကို တစ်ဦး ဖက်တွယ်ပြီး အပြင်က ဆူညံသံကိ ကြံကြံ့ခံရမယ်"လို့ ပြောကြားသွားပါတယ်။