မတ်လတွင် ဥရုဂွေး၊ ဂျပန်တို့နှင့် ခြေစမ်းပွဲကစားလာမယ့် အင်္ဂလန်
====================

အင်္ဂလန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေဖြင့် မတ်လတွင် ဝင်ဘာလေကွင်းမှာ ဥရုဂွေး၊ ဂျပန်တို့နှင့် ခြေစမ်းပွဲ ကစားလာပါမယ်။
သောမတ်စ်တူချယ်ဦးဆောင်တဲ့ အင်္ဂလန်အသင်းဟာ မတ်လ ၂၇ ရက်နေ့ သောကြာနေ့တွင် ဥရုဂွေးနှင့် ရင်ဆိုင်ကစားမှာ ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့တွင် ဂျပန်နှင့် ရင်ဆိုင်ကစားပါမယ်။
တူချယ်က "ထိပ်တန်းအဆင့် ၂၀ အတွင်း အသင်းတွေနဲ့ ကစားချင်ခဲ့တယ်။ ဒါပေမယ့် တဖက်မှာ ဥရောပပြင်ပအသင်းတွေနဲ့လည်း စမ်းသပ်ချင်တယ်"လို့ ဆိုကာ ဥရုဂွေးနှင့် ဂျပန်တို့အား ရွေးချယ်ခဲ့မှုကို ဖွင့်ဟလာပါတယ်။
ဥရုဂွေးက ဖီဖာကမ္ဘာ့အဆင့် ၁၆ နေရာတွင် ရပ်တည်နေတဲ့အသင်းဖြစ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းပါ။ ဂျပန်မှာလည်း ကမ္ဘာ့အဆင့် ၁၈ နေရာမှာ ရပ်တည်နေကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားပါတယ်။
သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားမစတင်မီ နောက်ထပ် ခြေစမ်းပွဲ ၂ ပွဲလည်း ကစားဖို့ ရှိပါသေးတယ်။
တူချယ်ရဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာဖလားအုပ်စု(L) တွင် ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နှင့် ကျရောက်နေပါတယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် ဇွန်လ ၁၇ နေ့တွင် ခရိုအေးရှားနှင့် ကစားရမှာ ဖြစ်ပြီး ယင်းနောက် ဇွန်လ ၂၃ ရက်နေ့တွင် ဂါနာ၊ ဇွန်လ ၂၇ ရက်နေ့တွင် ပနားမားတို့နှင့် ရင်ဆိုင်ကစားရပါမယ်။

image