AI သုံးလိမ်လည်မှုများ အက်ဖ်ဘီအိုင် သတိပေး
လိမ်လည်သူများက ဉာဏ်ရည်တုနည်းပညာကို လက်နက်အဖြစ် အသုံးချလာပြီး ငွေကြေးများခိုးယူရန် ဖိအားပေးသောဗျူဟာများကို အသုံးပြုလာသဖြင့် အားလပ်ရက်ကာလတွင် လိမ်လည်လှည့်ဖြားမှုများကို သတိရှိကြရန် အ မေရိကန် ဖက်ဒရယ် စုံစမ်းထောက်လှမ်းရေးဗျူရို( FBI )က သတိပေးလိုက်သည်။
“ မြန်မြန်ဆန်ဆန်လုပ်ဖို့၊ ပိုက်ဆံပေးဖို့ နဲ့ ပုဂ္ဂိုလ်ရေး အ ချက်အလက်တွေပေးဖို့ ဖိအားပေးခံနေရတယ်ဆိုရင် ခဏ နားလိုက်ပါ။ တစ်ဖက်ကပြောနေတာတွေက အမှန်ရောဟုတ်ရဲ့လား ဆိုတာကို ရပ်ပြီး စဉ်းစားလိုက်ပါ။ မိသားစုဝင်တွေကို ပြောပြပါ။ လိမ်လည်မှုတွေကနေ တစ်ဦးကိုတစ်ဦး ကာကွယ်ကြပါ” ဟု FBI ဒါရိုက်တာ ကက်ရှ်ပတေးလ်က ပြောသည်။
အွန်လိုင်း သို့မဟုတ် ဖုန်းပေါ်တွင် တွေ့ဆုံခဲ့သော သူစိမ်းများနှင့် အကဲဆတ်သော အချက်အလက်များမျှဝေခြင်း မလုပ်ကြရန်လည်း FBI အရာရှိများက အမေရိကန်နိုင်ငံ သားများကို သတိပေးထားသည်။
အလိမ်ခံရခြင်းကို လာရောက် မတိုင်ကြားနိုင်လောက်အောင် စိတ်ကသိကအောက် ဖြစ်ရသော အခြေအနေများကို လိမ်လည်သူများကအခွင့် ကောင်းယူနေကြသည်ဟုလည်း ပတေးလ်က ထုတ်ပြန်ချက်တွင် ပြောသည်။
AI ဖြင့် ဆိုက်ဘာလိမ်လည်မှုများမှာလည်း ပိုများလာနေပြီး အက်ဖ်ဘီအိုင်အား တိုင်ကြားမှုများတွင် AI ဖြင့် လိမ် လည်မှုများက ထိပ်ဆုံးက ပါဝင်နေကြောင်း FBI ကပြောသည်။
ယခုနှစ် ပထမ ခုနစ်လအတွင်း၌ AI ဆက်စပ်လိမ်လည်မှု တိုင်ကြားချက်များ သည် လိမ်လည်မှုကဏ္ဍ အားလုံးတွင် ၉၀၀၀ ကျော်ရှိကြောင်း သိရသည်။
ရာဇဝတ်မှု ကျူးလွန်သူများသည် လူမှုမီဒီယာ ကိုယ်ရေးအချက်အလက် အတုများ၊ တူညီသောအသံတုများ၊ မှတ်ပုံ တင်အတုများ၊ နာမည်ကျော်များ( သို့ မဟုတ်) မိသားစုဝင်များ၏ ပုံတူဗီဒီယိုများကို AI နည်းပညာ အသုံးပြု၍ ဖန်တီး နေကြသည်ဟု ကျွမ်းကျင်သူများက ပြောကြားကြသည်။
အင်တာနက်ပြစ်မှုတိုင်ကြားရေးဌာန သည် ပြီးခဲ့သည့်နှစ်တွင် တိုင်ကြားမှုပေါင်း ၅၃၅၃၁၄ ခုကို လက်ခံရရှိခဲ့ပြီး ဆုံး ရှုံးမှုပေါင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံ ရှိခဲ့ရာ ပျှမ်းမျှအားဖြင့် လူတစ်ဦးလျှင် ဒေါ်လာ ၂၅၇၀၀ ဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ ရာဇဝတ်ကောင်တွေက နားရက်မယူကြပါဘူး” ဟု ဆန်ဖရန်စ္စကိုမြို့ FBI အ ကြီးအကဲ အထူးအေးဂျင့်က ပြီးခဲ့သည့်နှစ်တွင် ပြောသည်။