မင်္ဂလာတောင်ညွန့်မြို့နယ်တဝိုက်တွင် တရားမဝင်သွယ်တန်းထားသော ဝိုင်ဖိုင်ကြိုးများနှင့် လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သည့် ဆက်သွယ်ရေးကြိုးများအား ဖယ်ရှားရှင်းလင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် မင်္ဂလာတောင်ညွန့်မြို့နယ် တဝိုက်တွင် တရားမဝင်သွယ်တန်းထားသော ဝိုင်ဖိုင်ကြိုးများနှင့် လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သည့် ဆက်သွယ်ရေးကြိုးများအား ဖယ်ရှားရှင်းလင်းခဲ့သည်။
ယင်းဆက်သွယ်ရေးဝိုင်ဖိုင်ကြိုးများသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားခြင်းလည်း ဖြစ်သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဆိုသည်။
ထို့ပြင် တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့်လည်း မြို့တော်အင်္ဂါရပ်များနှင့် အညီ စနစ်တကျသွယ်တန်းထားခြင်းရှိ/မရှိ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိစစ်ဆေးခြင်းများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်မှုကို မင်္ဂလာတောင်ညွန့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ မင်္ဂလာတောင်ညွန့်မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများ၊ တရားဝင်ခွင့်ပြုထားသည့်ဆက်သွယ်ရေးကုမ္ပဏီများမှ ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။