ဆေးကြောင်၍ရိုက်ရာမှ ကျောင်းထိုင်ဆရာတော်ပျံလွန်သွားမှု ကော့သောင်း ဆလုံရွာ၌ဖြစ်ပွား
ကျောင်းထိုင်ဆရာတော်တစ်ပါးကို ဆေးကြောင်နေသူတစ်ဦးက ရိုက်နှက်လိုက်ခြင်းကြောင့် ပျံလွန်တော်မူသွားသော ဖြစ်ရပ်တစ်ခု တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဆလုံ(မော်ကင်း) ကျေးရွာဖြစ်သည့် မကြုံဂလက်ကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ကျေးရွာရှိ အောင်ခေမာကျောင်းတိုက်တွင် ဒီဇင်ဘာ ၇ ရက် ညနေပိုင်းကဖြစ်ပွားခဲ့ပြီး ဆရာတော်မှ စောင့်ရှောက်ထားသည့် ကော့သောင်းမြို့နေ အသက် ၂၇ နှစ်အရွယ်လူငယ်တစ်ဦးမှာ ကျောင်းထိုင်ဆရာတော်ကို တုတ်ဖြင့်လေးချက်ရိုက်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုသို့ရိုက်နှက်ခံရသော ဒဏ်ရာကြောင့် သက်တော် ၃၆ နှစ်၊ ဝါတော် ၁၅ ဝါရှိသည့် ကျောင်းထိုင်ဆရာတော် ဦးပဏ္ဏိတမှာ ဦးခေါင်းကွဲဒဏ်ရာများရရှိသွားပြီး နေရာ၌ပင်ပျံလွန်တော်မူသွားကြောင်း ဆိုထားကြသည်။
ထိုဒေသများတွင် ဆေးကြောင်သူများကို ကျွန်းများသို့လာရောက်ပစ်ထားလေ့ရှိတတ်ကြပြီး ကျူးလွန်သူမှာလည်း လှေတစ်စင်းမှလာရောက်ထားခဲ့သူဖြစ်ကြောင်း၊ ဆေးကြောင်၍ကျွန်းပေါ်မှကျေးရွာအတွင်း သွားလာနေသည်ကို တွေ့ရသည့်အတွက် ဆရာတော်မှခေါ်ယူကယ်တင်စောင့်ရှောက်ထားပြီး ဆွမ်းခံကြွရာတွင်ခေါ်ဆောင်၍ ဆိုဆုံးမခြင်းများကို ပြုလုပ်လေ့ရှိကြောင်း၊ အခင်းဖြစ်ပွားရာနေ့က ဆေးကြောင်ကာ အလှူခံပုံးဖောက်နေစဉ် ဆရာတော်မှသိရှိသွားသည့်အတွက် ဆိုဆုံးမရန်လုပ်ဆောင်သော်လည်း တုတ်ဖြင့်ရိုက်နှက်ခဲ့ပြီး ကျောင်းသို့လာရောက်သည့် ဒါယိကာမနှစ်ဦးကိုလည်း တုတ်ဖြင့်လိုက်ရိုက်သည့်အတွက် အသက်လုကာထွက်ပြေးခဲ့ကြရကြောင်း ဒေသခံများက ပြောဆိုခဲ့ကြသည်။
လတ်တလောတွင် ကျူးလွန်သူကိုဒေသခံရွာသူရွာသားများက ဝိုင်းဝန်းဖမ်းဆီးထားပြီး သက်ဆိုင်ရာထံအပ်နှံခဲ့ကြသည်။ ထိုကျေးရွာသည် ဆလုံ(မော်ကင်း) တိုင်းရင်းသားများ အများဆုံးနေထိုင်ရာကျေးရွာလည်းဖြစ်ပြီး ကိုဗစ်မတိုင်ခင်ကာလက လေ့လာလည်ပတ်သူ အများအပြားရှိခဲ့သည့်ဒေသလည်းဖြစ်ခဲ့ကြောင်း သိရသည်။