တာမွေမြို့နယ် ၁၅၅ လမ်းရှိ တိုက်ခန်းတစ်ခန်း ဖောက်ထွင်းခံရပြီး ငွေသား ၁၆ သိန်းနှင့် အခြားပစ္စည်းများ စုစုပေါင်း တန်ဖိုးကျပ်သိန်း ၄၀ ခန့်ယူဆောင်သွား

တာမွေမြို့နယ် တာမွေကြီး(က+ဂ) ရပ်ကွက် ၁၅၅ လမ်း အိမ်အမှတ် ၇၇ ပထမထပ် အခန်း (A) ယနေ့(ဒီဇင်ဘာ ၈ ရက်)က ဖောက်ထွင်းခံရပြီး ငွေသား ၁၆ သိန်း၊ စက်ဘီး၊ လက်တော့၊ နားကပ်အပါအဝင် သိန်း ၄၀ ခန့်ပါသွားကြောင်း သိရသည်။
ယင်းအိမ်တွင် နေထိုင်သူများသည် ကလေးအပါအဝင် ငါးဦးနေထိုင်ပြီး နေထိုင်သူများသည် နံနက် ၉ နာရီတွင် အလုပ်သွားကြကာ ညနေ ၆ နာရီခန့်မှ ပြန်ရောက်ကြကြောင်း သိရသည်။
"ကျွန်တော်တို့က မနက်ဘက်ဆို အလုပ်သွားပြီး ညနေမှ ပြန်ရောက်တာ။ ဒီညနေ ၆ နာရီလောက်ရောက်တော့ အိမ်က သော့မရှိပဲ ပွင့်နေတယ်။ အိမ်ထဲဝင်တော့ ပစ္စည်းတွေ အကုန်ဖွထားတာ။ ‌သေတ္တာသော့ကိုတောင် သော့ဖြတ်တဲ့ cutter နဲ့ ဖြတ်သွားတာ။ cutter ကို သေတ္တာဘေးမှာ ထားသွားတယ်။ စက်ဘီးဆို ကျနော် ဝယ်ထားတာ ရက်ပိုင်းရှိပါသေးတယ်ဗျာ။ ခုတော့ အကုန်ပါသွားရော။ ပါဝါပန့်နှစ်လုံးရော ပစ္စည်းတွေရော အကုန် စုစုပေါင်းတန်ဖိုး သိန်း ၄၀ နီးပါး ပါသွားတယ်" ဟု အိမ်ပိုင်ရှင်က ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တာမွေရဲစခန်းက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image