၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ
ဖိလစ်ပိုင် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပြီး မြန်မာအသင်း အကောင်းဆုံးအုပ်စုဒုတိယနေရာသာ မျှော်လင့်နိုင်တော့မယ်
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ အကောင်းဆုံးအုပ်စုဒုတိယနေရာသာ မျှော်လင့်နိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။
ဒီနေ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ အုပ်စုတွင်းပြိုင်ဘက်နှစ်သင်းရဲ့ ပွဲစဥ်မှာ ဖိလစ်ပိုင်အသင်းက အင်ဒိုနီးရှားကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီး အုပ်စုပထမနေရာ ရရှိသွားတာကြောင့် ဖြစ်ပါတယ်။
ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲမှာ သုံးသင်းစီပါဝင်တဲ့ အုပ်စုသုံးခု ခွဲခြားယှဥ်ပြိုင်နေပြီး အုပ်စုပထမရတဲ့သုံးသင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယတစ်သင်းသာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှာပါ။
မြန်မာအသင်းပါဝင်တဲ့ အုပ်စုမှာ ဖိလစ်ပိုင်က နှစ်ပွဲစလုံးအနိုင်ရရှိခဲ့တာကြောင့် အုပ်စုပထမနေရာရရှိခဲ့ပြီး မြန်မာနဲ့ အင်ဒိုနီးရှားကတော့ အုပ်စုဒုတိယနေရာအတွက်သာ ဒီဇင်ဘာ ၁၂ မှာ အမှတ်လုရတော့မှာ ဖြစ်ပါတယ်။