တရုတ်တိုက်လေယာဉ်များ ဒုံးပစ်လွှတ်မှုထိန်းချုပ်ရေးရေဒါဖြင့် ဂျပန်တိုက်လေယာဉ်များကို ချိန်ရွယ်
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းစုအနီး ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်နှစ်ခု၌ တရုတ်တိုက်လေယာဉ်များက ဂျပန်တိုက်လေယာဉ်များကို ဒုံးကျည်ပစ်လွှတ်မှု ထိန်းချုပ်ရေး ရေဒါစနစ်ဖြင့်ချိန်ရွယ်ခဲ့ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇူမီက ဒီဇင်ဘာ၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
တရုတ်တိုက်လေယာဉ်များ၏အထက်ပါ လုပ်ရပ်မှာ လွန်စွာအန္တရာယ်များသည်ဖြစ်ရာ ဂျပန်နိုင်ငံအနေဖြင့် တရုတ်အစိုးရထံ ကန့်ကွက်စာပေးပို့ထားကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ဒုံးကျည်ပစ်လွှတ်မှု ထိန်းချုပ်ရေး ရေဒါစနစ်ဖြင့် အခြားလေယာဉ်တစ်စင်းကို ချိန်ရွယ်မှုသည် စစ်လေယာဉ်တစ်စင်းက ပြုလုပ်နိုင်သောဘေးအန္တရာယ် အများဆုံး ခြိမ်းခြောက်မှုတစ်မျိုး ဖြစ်သည်။
တရုတ်တိုက်လေယာဉ်များကဂျပန် တိုက်လေယာဉ်များအားဒုံးကျည်ပစ်လွှတ်မှု ထိန်းချုပ်ရေး
ရေဒါစနစ်ဖြင့် ချိန်ရွယ်ခဲ့မှုများသည်ဒီဇင်ဘာ ၆ ရက်တွင် အိုကီနာဝါကျွန်းစုအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားထားသည်။
အထက်ပါဖြစ်စဉ်နှစ်ရပ်စလုံးတွင် ပါဝင်ခဲ့ကြသည့် တရုတ်တိုက်လေယာဉ်များမှာ လျောင်းနင်းလေ
ယာဉ်တင်သင်္ဘောပေါ်မှ ပျံတက်လာသော ဂျေ-၁၅အမျိုးအစား တိုက်လေယာဉ်များဖြစ်ကြောင်း ဂျပန်တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။
တရုတ်(တိုင်ပေ)နှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆာနာအိတာကာအိချီ၏ ပြောကြားချက်များကြောင့်တရုတ်နှင့် ဂျပန် နှစ်နိုင်ငံဆက်ဆံရေးမှာ လက်ရှိတွင် တင်းမာလျက်ရှိသည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်(တိုင်ပေ)ကို စစ်ရေးအရ တိုက်ခိုက်ခဲ့ပါက ဂျပန်နိုင်ငံ၏ စစ်ရေးတုံ့ပြန်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်တာကာအိချီက နိုဝင်ဘာ ၇ ရက်တွင်ပြောကြားထားသည်။