မုံရွာမြို့ရာကျော်သာစံဆရာတော်ကြီးအန္တိမအဂ္ဂိစျာပနပူဇာကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သာစံကျောင်းတိုက်၏ ဦးစီးပဓာန နာယက ၊ သက်တော် (၁၀၂)နှစ်၊ ဝါတော် (၈၂) ဝါရှိ ရာကျော် သာစံဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနပူဇာကို ဒီဇင်ဘာလ (၇) ရက်၊ မွန်းလွဲ (၂) နာရီခွဲက ကျင်းပခဲ့သည်။
"ဆရာတော်ကြီး ဘဝနတ်ကျောင်း ပြောင်းရွေ့သွားတာ အင်မတန်မှ ဝမ်းနည်းမိတယ်။ ဝမ်းနည်းတဲ့ကြားက လုပ်စရာရှိတာတွေကိုတော့ ပြည့်ပြည့်စုံစုံနဲ့ ဆရာသမားရဲ့ နောက်ဆုံးဆန္ဒကို ဖော်ဆောင်နိုင်တဲ့အတွက် ကျေနပ်ပါတယ်"ဟု သာစံကျောင်း၏ ဒုတိယ ဆရာတော်ဖြစ်လာသည့် ဦးသြသဓကမိန့်ကြားသည်။
ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပန ပူဇာအခန်းအနားကို ဒီ ဇင်ဘာ (၆)ရက်နှင့် (၇)ရက်တို့တွင်ကျင်းပရာ သာစံကျောင်းတိုက်အတွင်း ပထမရက် ဒီဇင်ဘာ (၆)ရက် မွန်းတည့် (၁၂) နာရီက ရုပ်ကလာပ်တော် စံကျောင်းချ အခမ်းအနားကျင်းပခဲ့ပြီး ဇင်မာအောင်(အားမာန်သစ်အငြိမ့်) အဖွဲ့က ညနေ(၃) နာရီအထိ ဧယာဥ်ကျူးနှင့် အငြိမ့်ကပြဖျော်ဖြေခဲ့သည်။
စျာပနအခန်းအနားကို ဒီဇင်ဘာ (၇)ရက် ၊ နံနက် (၈)နာရီတွင် ဆရာတော် (၁၀)ပါးပင့်၍ ကျင်းပခဲ့ပြီး နံနက် (၁၀) နာရီအထိ ပင့်သံဃာအပါး (၁၇၀)ကို ဆွမ်းကပ်ကာလှူဖွယ်များဆက်ကပ်လှုဒါန်းခဲ့သည်။
ထိုနောက် နံနက် (၉)နာရီခွဲမှစ၍ မွန်းလွဲ(၂)နာရီအထိ ဇင်မာအောင်(အားမာန်သစ်အငြိမ့်) အဖွဲ့က ဧယာဥ်ကျူးနှင့် အငြိမ့်ကပြဖျော်ဖြေခဲ့သည်။
ဆရာတော်ကြီး ရုပ်ကလာပ်တော်ကို အဂ္ဂိစျာပနကျင်းပရာ ချင်းတွင်းမြစ်သဲသောင်ပြင်သို့ မွန်းလွဲ(၂)နာရီခွဲတွင် စတင်ပင့်ဆောင်ပြီး လောင်တိုက်တည်နေရာမဏ္ဍပ်တွင် ညနေ(၃) နာ ရီခွဲအချိန် မီးပူဇော်ခဲ့ကြသည်။
မနက်ဖြန် ဒီဇင်ဘာလ (၈)ရက် ၊ နံနက် (၇)နာရီခွဲတွင် ဆရာတော်ကြီး၏ အရိုးတော်၊ပြာတော်ကောက်ယူရန် သာစံကျောင်းမှ ထွက်ခွာကြမည်ဖြစ်ပြီး (၈)နာရီတွင် အရိုးတော်ပြာတော်ကောက်ယူကာ ကရဝိတ်ဖောင်တော်ဖြင့် ချင်းတွင်းမြစ်အနောက်ဖက်ကမ်းသို့ ပင့်ဆောင်ကြမည်ဖြစ်သည်။
ထို့နောက် ဆရာတော်ကြီး၏ ဇာတိ မိုးကြိုးပြင်ရွာကျောင်း ဆရာတော်နှင့် တပည့် ဒါယကာ၊ ဒါယိကာမများက ကမ်း နားမှ မိုးကြိုးပြင်ရွာသို့ ပင့်ဆောင်ကြမည် ဖြစ်သည်။