ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ထိုင်းက ကမ္ဘောဒီးယားကို လေကြောင်းတိုက်ခိုက်
ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်တွင် ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ထိုင်းက ကမ္ဘောဒီးယားကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ အူဘွန် ရတ်ချာသာနီပြည်နယ်ရှိ ထိုင်းတပ်ဖွဲ့များကို ကမ္ဘောဒီးယားစစ်သားများက စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ထိုင်းစစ်သားတွေ တိုက်ခိုက်ခံခဲ့ရပြီး စစ်သားတစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရတဲ့ သတင်းကို ရရှိခဲ့ပါတယ်” ဟု ထိုင်းတော်ဝင်ကြည်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်း ဆူဗာရီက ပြောကြားခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံကလည်း ကမ္ဘောဒီးယားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို နှိမ်နင်းရန် နေရာဒေသအချို့ရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရန် လေယာဉ်အသုံးပြုခဲ့ကြောင်း ဝင်ထိုင်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မာလီ ဆိုချီယာတာကမူ ထိုင်းတပ်ဖွဲ့များသည် ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ဖရာ ဝီဟာ နှင့် အော့ဒါ မန်ချေးပြည်နယ်များရှိ ကမ္ဘောဒီးယားစစ်သားများကို စတင်ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ထိုင်းတပ်ဖွဲ့များသည် နယ်စပ်ဒေသရှိ ထမွန်သွန် ဘုရားကျောင်းနှင့် ဖရာ ဝီဟာ ဘုရားကျောင်းအနီးရှိ ဒေသများကို တင့်ကားများဖြင့် ပစ်ခတ်ခဲ့သ်ဟု စွပ်စွဲခဲ့သည်။
ထိုပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ကမ္ဘောဒီးယားဘက်က လက်တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း ဆိုချီယာတာက ပြောကြားခဲ့သည်။