9 ပတ် - ဘာသာပြန်ပါ။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုများ ပြန်လည်ကောင်းမွန်ရေးနှင့် နယ်စပ်ဒေသတွင် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချနေမှုများကို နိုင်ငံတော်အဆင့် ပူးပေါင်းထိန်းသိမ်းနိုင်​ရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်စေရေး ​ဆွေး​နွေး
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၇ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Sihasak Phuangketkeow ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုများ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြားပူးပေါင်း၍ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်မှု အခြေအနေများ၊ နယ်စပ်ဒေသတရားမဝင်ကုန်သွယ်မှုများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုပ်ဆောင်လျက်ရှိသည့် KK Park နှင့် ရွှေကုက္ကိုလ်တို့ရှိ အဆောက်အဦများအား မြန်မာနိုင်ငံဘက်မှအမြစ်ပြတ် ဖြိုချဖျက်ဆီးလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချနေမှုများကို နိုင်ငံတော်အဆင့် ပူးပေါင်းထိန်းသိမ်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ယခုလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်စေရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

image