နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ရှိ မြန်မာတွေကို ထိုင်းမှာ ၆ လအထိ အလုပ် လုပ်ကိုင်ခွင့်ပြုမယ်

မြန်မာလုပ်သားတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် Border Pass နဲ့ ထိုင်းနိုင်ငံထဲမှာ ၆ လအထိ အလုပ်လုပ်ကိုင်ခွင့် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ခွင့်ပြုလိုက်တယ်လို့ သိရပါတယ် ။
လက်ရှိ ထိုင်းနိုင်ငံရဲ့ ရာသီချိန် လုပ်သား လိုအပ်ချက်အရ မြန်မာနယ်စပ် လုပ်သားတွေကို အခုလို လုပ်ကိုင်ခွင့်ပေးဖို့ ကိစ္စကို ပြီးခဲ့တဲ့ ရက်က ပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးမူဝါဒကော်မတီ အစည်းအဝေးမှာ မူအားဖြင့်
ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
Border pass စာအုပ် ကိုင်ဆောင်ထား သူတွေဟာ ထိုင်း-မြန်မာ နယ်စပ် ဖြတ်ကျော် ဂိတ်တွေရှိတဲ့ ချင်းရိုင် ခရိုင်ထဲက Mueang ၊ Mae Sai ၊ Mae Chan မြို့နယ် ၊ တာ့ခရိုင်ထဲက မဲဆောက် ၊ မယ်ရာမတ် ၊ဖုတ်ဖရ မြို့နယ်တွေနဲ့ ရနောင်းခရိုင်က Mueang မြို့နယ် နဲ့ ကန်ချနဘူရီ ခရိုင် ထဲက နယ်စပ် ဒေသတွေမှာ လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
" နယ်စပ်ဖြတ်ကျော် လက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာတွေကို ထိုင်းနိုင်ငံထဲကို တခါလာရင် ၆ လအထိ နေထိုင် အလုပ် လုပ်ကိုင်ခွင့် ပေးမယ်။လုပ်ရမယ့် နေရာက ကန့်သတ်ချက်ရှိတယ် ။ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်က သုံး မြို့နယ်ပါမယ် ။ တာ့ခ်ခရိုင်က သုံး မြို့နယ်ပါမယ် ။ကန်ချနဘူရီက လေး မြို့နယ် ၊ ရနောင်း ခရိုင်က မြောင်မြို့နယ် ပါမယ်။ အဲဒီလို နေရာဒေသ သတ်မှတ်ပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ခွင့်ပြုတယ်။မကြာခင်မှာ ဝန်ကြီးဌာနနဲ့ ဆက်စပ်ပြီး ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနက အတည်ပြုလိုက်တဲ့အခါမှာ ရွှေ့ပြောင်း လုပ်သားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေ ပေါ်လာမယ်။အထူးအားဖြင့် မြန်မာလုပ်သားတွေ အတွက် အလုပ်ကိုင် အခွင့်လမ်း အသစ်တွေ ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် အထူးတလည် ကြိုဆိုရမယ်။ " လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA )၊ ဥက္ကဋ္ဌ ဦးမိုးကြိုးက သုံးသပ် ပြောပါတယ်။
လုပ်ကိုင်ရမယ့် အလုပ်အမျိုး အစားကတော့
ကုန်တင်ကုန်ချ အလုပ် ၊ အိမ်ဖော် အိမ်အကူလုပ်ငန်း ၊ ဆိုင်စောင့် အရောင်း ဝန်ထမ်း အလုပ်ကိုသာ လုပ်ကိုင်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
Border pass စာအုပ်ကိုင်ဆောင် ထားသူတွေကို အလုပ် လုပ်ကိုင်ခွင့် စတင်ခွင့်ပြုမယ့် အချိန်ကိုတော့ တရားဝင် ထပ်မံကြေငြာ ပေးသွားမှာ ဖြစ်တာကြောင့် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် ကိုင်ထားသူ တွေအနေနဲ့ ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
" Border pass ကိုင်ထားသူတွေအနေနဲ့ Border pass တွေ စုတ်ပြဲ ရေစိုနေတာ ရှိရင် လဲသင့်တာလဲပါ။ သက်ဆိုင်ရာ လဝကတွေနဲ့ ချိတ်ဆက်ပါ။သက်ဆိုင်ရာ မြို့နယ်ကအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ ဆက်သွယ်စုံစမ်းမှုတွေနဲ့ ထိုင်းနိုင်ငံ ဘက်ခြမ်းမှာလုပ်ရမယ့် နေရာဒေသရဲ့ ယဥ်ကျေးသဘာဝ ၊ စည်းကမ်း ဥပဒေ သဘာဝ ၊ နယ်မြေဒေသ သဘာဝ ကြိုတင်လေ့လာ ထားကြပါ ။ " လို့ ဦးမိုးကြိုးက အကြံပြု ပြောပါတယ် ။
ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်လိုတဲ့ နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း Border pass စာအုပ် မရှိသေးပါက ကြိုတင်ပြုလုပ် ထားဖို့လိုအပ် တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ Border pass စာအုပ်ကို ထိုင်း - မြန်မာ နယ်စပ်ဒေသရှိ မြို့နယ် အိမ်ထောင်စု စာရင်းရှိသူတွေကိုသာ သက်ဆိုင်ရာ မြို့နယ် လ.ဝ.က ရုံးက ထုတ်ပေးနေတာ ဖြစ်ပါတယ်။
အဲဒီအတွက်လည်း နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားတွေသာ Border pass စာအုပ်နဲ့ ထိုင်းမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိပြီး အခြားဒေသတွေ၊ ကျန်တိုင်း နဲ့ ပြည်နယ်က လူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံး နေရတယ်လို့ သိရပါတယ်။
" အခုက မြဝတီဆိုရင် မြဝတီ အိမ်ထောင်စုစာရင်း ရှိသူပဲ လုပ်ပေးတယ်။ တခြားတိုင်းဒေသ မပြောနဲ့ ကရင်ပြည်နယ်ထဲက တခြားမြို့နယ်တောင် မရဘူး ။ အဲဒီတော့ မြဝတီကသူတွေပဲ နယ်စပ်ဖြတ်ကျော် စာအုပ်နဲ့ အလုပ်လုပ်ခွင့်ရတဲ့ သဘောပါ ။ " လို့ မြဝတီ ဒေသခံက ပြောပါတယ်။
ဒါကြောင့် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ကို မြန်မာနိုင်ငံသားတိုင်းကို ပြုလုပ်ခွင့် ပေးဖို့အတွက် တောင်းဆိုမှုတွေ ရှိနေပါတယ်။
လက်ရှိမှာ Border pass စာအုပ် ပြုလုပ်မယ်ဆိုပါက အိမ်ထောင်စုစာရင်း မူရင်း ၊ မှတ်ပုံတင် ၊ UID ကတ် နဲ့ ဓာတ်ပုံ သုံးပုံ လိုအပ်တယ်လို့ သိရပါတယ်။
Border pass စာအုပ်နဲ့ ထိုင်းနိုင်ငံရဲ့ နယ်စပ် မြို့တွေမှာ အလုပ်လုပ် ကိုင်မယ့် သူတွေအနေနဲ့ တခြား ခရိုင်နဲ့ မြို့နယ် တွေကို သွားလာမယ်ဆိုပါက ခွင့်ပြုချက် ရယူပြီး ခွင့်ပြုမှသာ သွားလာခွင့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

image