မြဝတီမြို့ဝန်းကျင်တွင် ရှောင်တခင်စစ်ဆေးရာ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်လျက်ရှိသည့် အိန္ဒိယနိုင်ငံသား ၇၅ ဦး ဖမ်းဆီးရမိ
မြဝတီမြို့ဝန်းကျင်တွင် ရှောင်တခင်စစ်ဆေးရာ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်လျက်ရှိသည့် အိန္ဒိယနိုင်ငံသား ၇၅ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းနှင့် ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၅ ရက်အထိ KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၃၀၈ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၅ ရက်တွင် မြဝတီ-မဲထော်သလေး (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများဖြစ်သော နှစ်ထပ်အဆောက်အအုံ ၁၀ လုံး၊ လေးထပ် အဆောက်အအုံ တစ်လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၁ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် အပိုင်း (၃) နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့အထိ ၁၆၀ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၃၀၈ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများအား ရှာဖွေဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၅ ရက်တွင် မြဝတီမြို့ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့များက သတင်းအရ မြဝတီမြို့ဝန်းကျင်တွင် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ အမှတ် (၂) ရပ်ကွက်တွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်လျက်ရှိကြသည့် အိန္ဒိယနိုင်ငံသားအမျိုးသား ၅၈ ဦးနှင့် အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၇၅ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာ အဆိုပါဖမ်းဆီးရမိသူများအား လိုအပ်သောကိုယ်ရေးအချက်အလက်များ စစ်ဆေးရန်အတွက် မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ လှိုင်ထိပ်ခေါင်တင်လမ်းရှိ မြို့မအားကစားကွင်း၌ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်အတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုနေထိုင်လုပ်ကိုင်ခဲ့ကြသည့် သုံးထပ် အဆောက်အအုံ ငါးလုံး၊ တစ်ထပ် အဆောက်အအုံ သုံးလုံး၊ စုစုပေါင်း ရှစ်လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့အား ပြန်လည်အသုံးချမှုမရှိစေရေးအတွက် ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း သုံးထပ် အဆောက်အအုံ တစ်လုံးကို ထပ်မံဖြိုချဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း နှစ်လုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ Online လိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေထိုင်လျက်ရှိကြသည့် တရုတ်နိုင်ငံသား ၁၀ ဦး၊ ဗီယက်နမ်နိုင်ငံသား တစ်ဦး၊ အီသီယိုးပီးယားနိုင်ငံသား ခုနစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ရှစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦး၊ စုစုပေါင်း ၂၈ ဦးတို့ကို ဒီဇင်ဘာ ၅ ရက်က ထပ်မံစစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက် စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။