ကျောင်းပြင်ပရှိ အသက် ၉ နှစ်မှ ၁၁ နှစ် အရွယ် မိန်းကလေးတွေကို ဒီဇင်ဘာလကစပြီး သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ထိုးနှံပေးမယ်
သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ခြင်း မရှိသေးတဲ့ ကျောင်းပြင်ပရှိ အသက် ၉ နှစ်မှ ၁၁ နှစ် အရွယ် မိန်းကလေးတွေကို ယခုဒီဇင်ဘာလက စပြီး စီမံချက်တခုအနေနဲ့ တနိုင်ငံလုံးမှာ ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
ယခု စီမံချက်နဲ့ ထိုးနှံပေးမယ့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးက တကြိမ်တည်းသာ ထိုးနှံရမှာဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါကို အဓိကဖြစ်စေနိုင်တဲ့ လိင်အင်္ဂါကြွက်နို့ရောဂါပိုးအမျိုးအစား (၆/၁၁/၁၆/၁၈) တို့ကို ကာကွယ်ပေးနိုင် တယ်လို့ သိရပါတယ်။
" ကာကွယ်ဆေးက စီမံချက်နဲ့ဆိုတော့ ရက်က ဒေသအလိုက် သူ့ရက်နဲ့သူပဲ ။ အဲဒီရက်အတွင်းမှာတော့ လာထိုးဖို့ လိုပါတယ် ။ ဒီကာကွယ်ဆေးက ထိုးသင့်ပါတယ်။.မိန်းကလေးတွေ ထိုးဖို့လည်း လိုအပ်ပါတယ်။ သားအိမ်ခေါင်း ကင်ဆာရောဂါက အသက်ဆုံးရှုံးမှုရှိပါတယ်။ အခမဲ့ ထိုးပေးတာ ဖြစ်လို့ ကလေးမိဘတွေ အနေနဲ့ လာရောက်ထိုးနှံကြစေလိုပါတယ် ။ တကြိမ်တည်း ထိုးရမယ့် ဆေးဆိုတော့ နောက်ရက်ချိန်း မှတ်ထားစရာမလိုတော့ဘူးပေါ့ ။ " လို့ ပဲခူးတိုင်း ၊ ပြည်သူ့ဆေးရုံတခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တ ယောက်က ပြောပါတယ်။
သားအိမ်ခေါင်းကင်ဆာ ရောဂါက လိင်ဆက်ဆံရာကနေ အဓိက ကူးစက်တဲ့ ရောဂါအမျိုးအစား ဖြစ်တာကြောင့် မိန်းကလေးငယ်တွေ အနေနဲ့ အရွယ်မတိုင်မီ အသက် ၉ နှစ်မှစပြီး ၁၅ နှစ်မတိုင်မီ အထိအသက်အရွယ်တွေမှာ မဖြစ်မနေထိုးနှံ ဖိုလိုအပ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အစိုးရက အသက် ၉ နစ်မှ ၁၁ နှစ် အရွယ် မိန်းကလေးငယ်တွေကိုသာ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုရှိပြီး ကျောင်းတွေမှာတော့ ကာကွယ်ဆေးလွှမ်းခြုံမှု ၉၀ ရာခိုင်နူန်းကျော်အထိရှိထားတယ်လို့ သိရပါတယ်။
ကျောင်းပြင်ပရှိ မိန်းကလးငယ်တွေမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံနိုင်မှု အားနည်းနေတဲ့အတွက် စီမံချက်တခုအဖြစ် ယခုလို တနိုင်ငံလုံးရှိ ကျန်းမာရေးဌာန တွေနဲ့ ဆေးရုံတွေမှာ အခမဲ့ ထိုးနှံမှုကို စတင် လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် နေရပ်စွန့်ခွာ နေထိုင်နေကြရတဲ့ စစ်ရှောင်တွေအနေနဲ့လည်း အသက် ၉ နှစ်မှ ၁၁ နှစ်အရွယ် သမီးငယ်တွေရှိပြီး ကာကွယ်ဆေး တကြိမ်မှ ထိုးနှံထားခြင်း မရှိပါက ရောက်ရှိရာ နေရာက ကျန်းမာရေးဌာနကို ဆက်သွယ်ပြီး ကာကွယ်ဆေးထိုးနှံနိုင်ကြောင်းလည်း သိရပါတယ်။
သားအိမ်ခေါင်းကင်ဆာ ရောဂါ မဖြစ်ပွားအောင် ကာကွယ်ဆေးထိုးနှံခြင်းကသာ ထိရောက်ဆုံး နည်းလမ်း ဖြစ်တာကြောင့် ကာကွယ်ဆေး ထိုးနှံရမယ့် အရွယ်ရောက်သူတိုင်း မဖြစ်မနေထိုးနှံကြဖို့ ဆရာဝန်တွေကလည်း အကြံပြုပြော ဆိုထားပါတယ်။
" ကာကွယ်ဆေးက ထိုးလည်း ထိုးသင့်တယ် ။ ထိုးထို့လည်း လိုအပ်လို့ အစိုးရက အခမဲ့ထိုးပေးတာကို မဖြစ်မနေ ထိုးဖို့ အကြံပြုချင်ပါတယ်။ အပြင်မှာဝယ်ထိုးမယ်ဆိုရင် ပိုက်ဆံ သိန်းဂဏန်းကုန်ပါတယ်။ ဒီရောဂါက အရွယ်ရောက်တဲ့ မိန်းကလေးတယောက်အနေနဲ့ တကြိမ်ပဲ လိင်ဆက်ဆံ ရင်တောင် ကူးစက်နိုင်တဲ့ ရောဂါမျိုးပါ ။ ဒါကြောင့် ကာကွယ်လို့ရတဲ့အချိန်မှာ ကာကွယ်ဆေးကို ထိုးနှံထားတာ အထိရောက်ဆုံး ကာကွယ်နည်းတခုပါပဲ ။ " လို့ ပဲခူးတိုင်းက ဟယ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး တယောက်က အကြံပြု ပြောပါတယ်။
လက်ရှိကျောင်းတွေမှာ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးက အသက် ၉ နှစ်မှာ တကြိမ် စတင်ထိုးနှံပြီး အသက် ၁၀ နှစ်မှာ ဒုတိယတကြိမ် ထိုးနှံပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
သားအိမ်ခေါင်းကင်ဆာရောဂါဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ ဒုတိယ အဖြစ်အများဆုံး ကင်ဆာရောဂါ တခုဖြစ်ပြီး သားအိမ်ခေါင်း ကင်ဆာရောဂါက ကလေးမွေးဖွားမှုနူန်း များတဲ့သူ ၊ လိင်ဆက်ဆံဖက် များသူတွေမှာ ပိုပြီး ဖြစ်ပွားတာတွေ့ရတယ်လို့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ အရသိရပါတယ်။