ငရုတ်သီးကို ဓာတ်ခွဲစစ်ဆေးပြီး မှိုနဲ့အဆိပ်ဓာတ်ကြွင်း ကင်းရှင်းမှသာ ထိုင်းကိုတင်ပို့ခွင့်ရရှိမယ်
ထိုင်းနိုင်ငံကို ငရုတ်သီး (အခြောက်) နဲ့ ငရုတ်သီး ( အစို) တင်ပို့မယ်ဆိုပါက တင်ပို့မယ့် ငရုတ်သီးကို စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးပြီးမှသာ တင်ပို့ခွင့် ရရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ် ။
စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်) မှ ISO 17025 လက်မှတ်ရရှိတဲ့ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းကို ပေးပို့ပြီး ပိုးသတ်ဆေး ၊ ပေါင်းသတ်ဆေး နဲ့ မှိုအဆိပ်ဓာတ်ကြွင်း ကင်းရှင်းကြောင်း စစ်ဆေးတွေ့ရှိရမှသာ ငရုတ်သီးကို တင်ပို့ခွင့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
" စိုက်ပျိုးရေးထုတ်ကုန် ဓာတ်ခွဲခန်းတွေရှိပါတယ် ။ အဲဒီကို ပို့ပြီး စစ်ဆေးရမှာပါ ။ ကိုယ်တင်ပို့မယ့် ငရုတ်သီးမှာ ပိုးသတ်ဆေး ကျန်မကျန် စစ်ရတာမျိုးပါ ။ စစ်ရတာ အချိန်ကုန် အလုပ်ရှုပ်ပေမယ့် တင်ပို့ရတဲ့အခါမှာတော့ စိတ်ချရတာပေါ့ ။ ကုန်သည်တွေ အနေနဲ့ ဝယ်ရင် တော်တော် သတိထားရတော့မယ့် သဘောပါ ။ စိုက်တာက တောင်သူမလား.။ တောင်သူတွေ အနေနဲ့ ပိုးသတ်ဆေး ၊မှိုဆေး ၊ ပေါင်းသတ်ဆေးတွေကို လျှော့သုံးဖို့ လိုလာပါတယ် ။ " လို့ ငရုတ် ဝယ်ရောင်းကုန်သည် တယောက်ကပြောပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တင်ပို့ခဲ့တဲ့ ငရုတ်သီး(အခြောက်) နဲ့ ငရုတ်သီး (အစို) တွေမှာ Chlorpyrifos နဲ့ Triazophos ပိုးသတ်ဆေး၊ Glyphosate ပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ်ဓာတ်ကြွင်းတွေ တွေ့ရှိခဲ့ရတဲ့အတွက် ယခုလို ဓာတ်ခွဲစစ်ဆေးပြီးမှသာ တင်ပို့ဖို့ သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ ငရုတ်သီး(အခြောက်) နဲ့ ငရုတ်သီး(အစို) တွေကို မြဝတီနယ်စပ်ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီ ၁၁ ခု နဲ့ မောတောင်နယ်စပ်ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီတခုတို့က တင်ပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
" အရင်ကတော့ ပုံမှန် ဆို လုပ်ထုံးလုပ်နည်း အတိုင်း ပို့တာပဲ ။ အထားခံအောင် သေချာထုတ်ပိုးရတယ် ။ အရည်အသွေး ကောင်းတာကိုပဲ ပို့တာပေါ့လေ ။ ပိုးသတ်ဆေး ဓာတ်ကြွင်းကျန်တယ်ဆိုတာမျိုးတော့ မကြားမိခဲ့ဘူး ။ အခုမှ ဘယ်လိုဖြစ်လဲတော့ သေချာမသိဘူး ။ အခုတော့ ဓာတ်ခွဲစစ်ဆေးပြီးမှ တင်ပို့ခွင့်ရတော့မှာပါ ။ " လို့ သူက ဆက်ပြောပါတယ်။
ငရုတ်သီးတွေမှာ မှိုဆိပ် ၊ ပိုးသတ်ဆေး နဲ့ ပေါင်းသတ်ဆေး ဓာတ်ကြွင်းအကျန်တွေ တွေ့ရှိရတာနဲ့ ပတ်သက်ပြီး ငရုတ်စိုက် တောင်သူတွေကို စိုက်ပျိုးရေးနည်းပညာ ၊ စိုက်ပျိုးရေး ဆေး အသုံးပြုမှု အခြေအနေကို အသိပညာပေးဖို့ လိုအပ်တယ်လို့ သိရပါတယ် ။
ပိုးသတ်ဆေး တမျိုးတည်းကိုသာ ထပ်ခါထပ်ခါသုံးစွဲခြင်း ၊ လိုအပ်တဲ့ ပမာဏထက် ပိုပြီးအသုံးပြုခြင်း ၊ ဆေးအသုံးပြုမှုပုံစံ မမှန်ကန်ခြင်း စတဲ့ အကြောင်းအရာတွေ ကြောင့် ပိုးသတ်ဆေးဓာတ်ကြွင်း ကျန်နိုင်တယ်လို့ သိရပါတယ်။
" ကျွန်တော်တို့ကလည်း သူတို့ တရားဝင်ခွင့်ပြုထားတဲ့ ဆေးကိုပဲ သုံးတာပဲလေ ။ သူတို့သုံးခိုင်းတဲ့ ပမာဏ သုံးတာပါပဲ ။ ဆေးလျှော့သုံးရလေ အကုန်ကျ သက်သာလို့ ကြိုက်လေပါဗျာ ။ ဒီငရုတ်သီးကိုပဲ ကိုယ့်နိုင်ငံထဲတော့ စားနေကြတာပဲ ။ ဘယ်လိုဖြစ်လဲ နားမလည်ပါဘူး ဗျာ ။ " လို့ ငရုတ်စိုက်တောင်သူ တယောက်ကပြောပါ တယ်။
လက်ရှိမှာ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ပိတ်ထားတဲ့အတွက် မြဝတီနယ်စပ်ကနေ ထိုင်းကို ငရုတ်သီး အခြောက်နဲ့ ငရုတ်သီးအစို တင်ပို့မှု ရပ်နေသလို မောတောင်ကုန်သွယ်ရေးစခန်းမှာလည်း နယ်မြေအခြေအနေ မတည်ငြိမ်တဲ့အတွက် ကုန်သွယ်မှု ရပ်နေတယ်လို့ သိရပါတယ်။
ငရုတ်သီးက ပြည်ပကို အထွက် နည်းနေတာကြောင့်
ပြည်တွင်း ငရုတ်သီး စျေးကွက်က မြေပြင်မှာ ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။