2 ရက် - ဘာသာပြန်ပါ။

ဒီကလန်ရိုက်နှင့် မော့စ်ကွီရာတို့ ဒဏ်ရာရရှိသွားပြီးနောက် ပွဲပြက္ခဒိန်ကို အာတီတာ ဝေဖန်လာ
=====================

မီခေးလ်အာတီတာဟာ နောက်ထပ် ဒဏ်ရာပြဿနာကြုံလာရပြီးနောက် ပရီးမီးယားလိဂ်ပွဲပြက္ခဒိန်အား ဝေဖန်လာပါတယ်။
အာဆင်နယ်က ဘရန့်ဖို့ဒ်အား အနိုင်ရတဲ့ပွဲတွင် ဒီကလန်ရိုက်မှာ ခြေသလုံးဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရသလို ခရစ္စတီယန်မော့စ်ကွီရာမှာလည်း လူစားလဲလှယ်ခဲ့ရပါတယ်။
အာဆင်နယ်ဟာ မီရီနိုနှင့်ဆာကာတို့ရဲ့ ဂိုးတွေဖြင့် ဘရန့်ဖို့ဒ်အား အနိုင်ရကာ ၁၈ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမယ့် အာတီတာဟာ ကစားသမား ၂ ဦးတို့ ဒဏ်ရာရစာရင်းတွင် ပါဝင်လာမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
မော့စ်ကွီရာဟာ ဆာလီဘာနင့် ဂါဘရီရယ်တို့ ဒဏ်ရာရရှိနေမှုကြောင့် ဟန်ကာပီနှင့် ပွဲထွက်ကစားခဲ့တာ ဖြစ်ပြီး ပထမပိုင်းမပြီးခင် ဒဏ်ရာကြောင့် တမ်ဘားနှင့် လူစားလဲခဲ့ရပါတယ်။
ယင်းနောက် ဒီကလန်ရိုက်မှာ ခြေသလုံးဒဏ်ရာရရှိကာ လူစားလဲခဲ့ရပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ချန်ပီယံလိဂ်ကစားပြီးနောက် တနင်္ဂနွေနေ့တုန်းက ချဲလ်ဆီးကို အဝေးကွင်းသို့ သွားရောက် ကစားခဲ့ရပါတယ်။
ယင်းနောက် အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက ဘရန့်ဖို့ဒ်နှင့် ကစားခဲ့ရသလို စနေနေ့တွင် ဗီလာအား အဝေးကွင်းသို့ သွားရောက်ကာ အစောပိုင်းပွဲကစားရပါမယ်။
လက်ရှိအချိန်တွင် အာဆင်နယ်ရဲ့ ဆာလီဘာ၊ ကိုင်ဟာဗတ်ဇ်၊ ဂါဘရီရယ်၊ ထရိုဆတ်တို့ ဒဏ်ရာကြောင့် အနားယူနေရပြီး အိုဒီဂတ်၊ မာဒူကီနှင့် ယိုကီရေးစ်တို့ ပြန်လည်ကစားလာနိုင်ကြပြီ ဖြစ်ပါတယ်။
အာတီတာက "သတင်းကောင်း ဘယ်တော့မှ မဟုတ်ဘူး။ ဒီကလန်လည်း လူစားလဲရတယ်။ သူ့အခြေအနေ မသိသေးဘူး။ မနက်ဖြန်ကျမှ သိရမယ်။ သူ ဆက်ကစားနိုင်တော့ဘူး။ အခြေအနေ စောင့်ကြည့်ရဦးမယ်။ လမ်းတော့ လျှောက်နိုင်တယ်။ မကစားနိုင်တော့ဘူး။ သူ ပွဲချိန် အများကြီးကစားရတယ်။ အခု ဗုဒ္ဓဟူးနေည ကစားရတယ်။ ပြီးရင် စနေနေ့ မနက်ပိုင်းမှာ ကစားရဦးမယ်။ တကယ်လို့ သူတို့ ပြန်လည်အားပြည့်ဖို့ အချိန်အနည်းငယ်ပိုပေးပြီး ကစားသမားတွေ ကျန်းမာရေးကို ဂရုစိုက်ရင် အနည်းငယ် အသက်ရှူချောင်လာပါမယ်။ ပိုကောင်းလာပါမယ်။ ဥရောပပွဲကစားရတဲ့ အသင်းကို တစ်ရက် နားချိန်ပဲ ပိုပေးပါ။ အားလုံးလည်း အဆင်ပြေကြလိမ့်မယ်။ ဒီလိုဆို အားလုံးလည်း အကျိုးကျေးဇူးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်အပါအဝင် နိုင်ငံတကာအဆင့်မှာပါ ဘယ်တုန်းကမှ ကောင်းမွန်တဲ့ ပွဲပြက္ခဒိန် မရဘူး။ ကျွန်တော်တို့ လုပ်ဖို့ လိုတယ်။ အငြင်းအခုန် လုပ်တာ မဟုတ်ပါဘူး။ လုပ်သင့်တာ ပြောတာပါ"လို့ ပြောကြားသွားပါတယ်။

image