အောင်မြင့်မိုရ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ယာဉ်တိမ်းမှောက်မှုဖြင့်ကွယ်လွန်
အောင်မြင့်မိုရ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးစိုးနိုင်သည် ယာဉ်တိမ်မှောက်သည့်ဒဏ်ရာများဖြင့် ယမန်နေ့(ဒီဇင်ဘာ ၂ ရက်) နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ကွယ်လွန်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) ထံမှသိရသည်။
ပြီးခဲ့သည့်နိုဝင်ဘာ ၂၉ ရက်က မကွေးမြို့သို့လူနာသွားရောက်ပို့ဆောင်ပြီးအပြန် နတ်မောက်မြို့နယ်၌ လမ်းပြင်နေသည့်နေရာတွင် တစ်ဖက်မှမောင်းနှင်လာသည့်ယာဉ်အားရှောင်တိမ်းရာမှ လမ်းဘေးကျောက်တုံးဖြင့်တိုက်မိပြီး ယာဉ်တိမ်မှောက်ကာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ယင်းနောက် ဦးစိုးနိုင်အား ရန်ကုန်ဆေးရုံကြီးသို့သယ်ဆောင်ကာ ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
"ပရဟိတအသင်းသားတွေဆိုတာ ကူးစက်ရောဂါဆိုလည်းသယ်ရတာပဲ။ လူနာကဆီးဝမ်းမနိုင်လို့ လုပ်ပေးရတာတွေလည်းရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရဟိတစိတ်နဲ့လုပ်နေကြတာပါ။ ဒီလိုလုပ်နေရင်း သေဆုံးသွားတဲ့ ပရဟိတသမားတွေအများကြီးရှိပါတယ်။ ဦးစိုးနိုင်အတွက် ကျန်တဲ့ပရဟိတသမားတွေရဲ့ ကိုယ်စား အားလုံးကိုအလေးပြုပါတယ်" ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အောင်မြင့်မိုရ်လူမှုကူညီရေးအသင်းသည် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အချေစိုက်ကူညီနေသော ပရဟိတအသင်းဖြစ်ပြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) ၏အဖွဲ့ဝင်အသင်းဖြစ်ကြောင်းသိရသည်။