အငြင်းပွားဖွယ် ကျွန်းအနီးမှာ ဂျပန်နဲ့ တရုတ် ကမ်းခြေစောင့်တပ်တွေ ထိပ်တိုက်တွေ့

အရှေ့တရုတ်ပင်လယ်ရှိ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ ကျွန်းတခုအနီးမှာ ဂျပန်နဲ့ တရုတ်ကမ်းခြေစောင့်တပ်တွေ ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးကတော့ ရေပိုင်နက်ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲနေကြပါတယ်။
ဂျပန်က ဆန်ကာကူဟု ခေါ်ပြီး တရုတ်ကတော့ ဒိုင်အိုယုကျွန်းလို့ခေါ်တဲ့ ကျွန်းအနီးရေပြင်မှာ ဂျပန်ငါးဖမ်းသင်္ဘောတစင်း တရားမဝင်ဝင်ရောက်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ဒီကျွန်းကို ဂျပန်က ထိန်းချုပ်ထားပေမယ့် တရုတ်ကတော့ ပိုင်ဆိုင်တယ်လို့အခိုင်အမာ တောင်းဆိုနေပါတယ်။
ဂျပန်ကမ်းရိုးတန်းစောင့်တပ်တော့ ငါးဖမ်းသင်္ဘောအနီး ချဉ်းကပ်လာတဲ့ တရုတ်ကမ်းရိုးတန်းစောင့်တပ်သင်္ဘောနှစ်စင်းကို ကြားဖြတ်ပြီး မောင်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ်က ထိုင်ဝမ်နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ မှတ်ချက်တွေပေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တင်းမာနေချိန်မှာ ယခုလို ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပေါ်လာတာပါ။
ရေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ ဂျပန်သင်္ဘောကို ချဉ်းကပ်သတိပေးခဲ့ပြီး လိုအပ်တဲ့ အစီအမံတွေကို လုပ်ဆောင်ခဲ့ကာ ဂျပန်အနေနဲ့ ရေပိုင်နက် ချိုးဖောက်မှုနဲ့ ရန်လိုမှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းတယ်လို့ တရုတ်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဂျပန်ကမ်းခြေစောင့်တပ်ကတော့ ဒီဇင်ဘာ ၂ ရက်အစောပိုင်းမှာ ရေပိုင်နက်ချိုးဖောက်တဲ့ တရုတ်သင်္ဘောတွေအနီး ချဉ်းကပ်ခဲ့ပြီး ရေပိုင်နက်မှ ထွက်ခွာရန် တောင်းဆိုခဲ့ကာ ရေပိုင်နက်မှ ထွက်ခွာသွားတဲ့ အထိ ငါးဖမ်းသင်္ဘောတွေရဲ့ ဘေးကင်းရေးကို လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် တာကာအိချိဟာ နိုဝင်ဘာလအတွင်းက လွှတ်တော်မှာ မေးခွန်းဖြေကြားစဉ် တရုတ်နိုင်ငံက ထိုင်ဝမ်ကိုတိုက်ခိုက်လာပါက ဂျပန်က စစ်ရေးအရ အရေးယူနိုင်တယ်လို့ ပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

image