ပေါ်တူဂီနဲ့ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲကို ကမ္ဘာ့ဖလားမှာ အသုံးပြုမယ့် Azteca ကွင်းမှာ ကစားမယ်လို့ မက္ကဆီကို အတည်ပြု
မက္ကဆီကိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် လာမယ့်မတ်လအတွင်းမှာ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံတို့နဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားပြီး ပေါ်တူဂီနဲ့ပွဲကို ကမ္ဘာ့ဖလားမှာ အသုံးပြုမယ့် Azteca ကွင်းမှာကစားမယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။
မက္ကဆီကိုဟာ အမေရိကန်၊ ကနေဒါတို့နဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်နိုင်ငံဖြစ်ပြီး ပြိုင်ပွဲမှာ အသုံးပြုမယ့် ကွင်းပေါင်း(၁၆)ကွင်းထဲမှာ မက္ကဆီကိုက ကွင်း(၃)ကွင်း ပါဝင်မှာပါ။
အဲဒီထဲက Azteca ကွင်းဟာ ပရိသတ်(၉၀၀၀၀)နီးပါး ဝင်ဆံ့တဲ့ကွင်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ပေါ်တူဂီနဲ့ ခြေစမ်းပွဲမှာမှ ပြန်လည်ဖွင့်လှစ်မှာဖြစ်ကြောင်းလည်း သိရပါတယ်။
ဒီကွင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက္ကဆီကိုအသင်းရဲ့ အုပ်စုပွဲစဉ်နှစ်ပွဲအပါအဝင် စုစုပေါင်း ပွဲစဉ်(၅)ပွဲ လက်ခံကျင်းပဖို့ ရွေးချယ်ခံထားရကြောင်း သိရပါတယ်။
ဒီကွင်းက ၁၉၇၀ ကမ္ဘာ့ဖလားနဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲပါ လက်ခံကျင်းပခွင့်ရခဲ့တဲ့ မက္ကဆီကိုနိုင်ငံရဲ့ အထင်ကရ ကွင်းတစ်ကွင်းဖြစ်ကြောင်းလည်း သိရပါတယ်။