တိုင်းပြည်အတွက်အသက်စွန့်လှူသွားခဲ့ကြသည့် သူရဲကောင်းများဂုဏ်ပြုပွဲကို (၁၂)နှစ်မြောက်အဖြစ် နေပြည်တော်ရှိ သူရဲကောင်းဗိမာန်၌ကျင်းပမည်

ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လှူသွားခဲ့ကြသည့် သူရဲကောင်းများဂုဏ်ပြုပွဲကို (၁၂) နှစ်မြောက်အဖြစ် ဒီဇင်ဘာ ၇ ရက်နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သူရဲကောင်းဗိမာန်၌ ကျင်းပသွားမည်ဖြစ် ကြောင်း ဂုဏ်ပြုပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
အဆိုပါ (၁၂)နှစ်မြောက် သူရဲကောင်းများဂုဏ်ပြုပွဲကို တပ်မတော်ချစ်မြတ်နိုးသည့်အဖွဲ့များစုပေါင်း၍ ခေတ်အဆက်ဆက်တိုင်းပြည်အတွက် အသက်ခန္ဓာစွန့်လွှတ်ခဲ့ရသူများ၊ လက်ရှိတာဝန်ထမ်းဆောင်နေကြသူများအား ၎င်းတို့နှင့်ထပ်တူ တပ်မတော်ကိုချစ်မြတ်နိုးသူများက အမြဲတမ်းရှိနေကာ အမြဲတမ်းကျေးဇူးတင်ပြီး အမြဲတမ်းလေးစားနေသည်ဆိုသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
" ခေတ်အဆက်ဆက် ကျွန်တော်တို့တိုင်းပြည်အတွက်ကို အသက်ခန္ဓာစွန့်လှူသွားခဲ့ကြတဲ့ သူရဲကောင်းတွေရှိတယ်။ အများဆုံးကတော့ အသက်ပေါ့။ ခြေလက်ခန္ဓာမျက်စိစွန့်လွှတ်သွားခဲ့ကြတဲ့ သူရဲကောင်းတွေလည်းမနည်းဘူး။ တပ်မတော်သားတွေကော နိုင်ငံ့ဝန်ထမ်းတွေကောပါတယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရင်းနဲ့ သူတို့ရဲ့အမြတ်နိုးဆုံးအရာတွေကို စွန့်လွှတ်သွားခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ အမြင့်မြတ်ဆုံးစွန့်လွှတ်မှုတွေကို ကျွန်တော်တို့ကတန်ဖိုးထားတဲ့အနေနဲ့ သူတို့အသက်သွေးချွေးပေးပြီးတော့ ကာကွယ်ပေးခဲ့တဲ့ နိုင်ငံတော်ရဲ့အရိပ်အာဝါသအတွက် သူတို့ကိုကျေးဇူးတင်တဲ့အနေနဲ့ မမေ့မလျော့ရှိပါတယ်ဆိုတာကို ပြသချင်တဲ့အနေနဲ့ပြုလုပ်ခြင်းဖြစ်ပါတယ်"ဟု ဂုဏ်ပြုပွဲကျင်းပရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
ဂုဏ်ပြုပွဲတက်ရောက်မည့်သူများအနေဖြင့် အဖွဲ့အစည်းများအလိုက် သတ်မှတ်အဖွဲ့အစည်းဝတ်စုံများ၊ နိုင်ငံရေးပါတီများအနေဖြင့် သက်ဆိုင်ရာပါတီဝတ်စုံများ၊ မြန်မာအမျိုးသားဝတ်စုံ တိုက်ပုံအနက်၊ ပုဆိုးအနက်(သို့)အနက်ရောင်ပါသည့်ပေါ့ပါးသော အနောက်တိုင်းဝတ်စုံများ၊ မြန်မာအမျိုးသမီးဝတ်စုံ အနက်ရောင်ဝတ်စုံများဝတ်ဆင်ပေးကြရန် ဂုဏ်ပြုပွဲကျင်းပရေးကော်မတီကအသိပေးနှိုးဆော်ထားကြောင်း သိရသည်။
သူရဲကောင်းများဂုဏ်ပြုပွဲ၌ ပြည်ထောင်စုကြီးငြိမ်းချမ်းစေရန် ရည်သန်ဆုတောင်းမည့် အစီအစဉ်ကိုလည်းထည့်သွင်းထားကြောင်း သိရသည်။

image